Ep - 43

11K 1.2K 43
                                    

Unicode

'' ငါ့ကို ချိန်းတာ ..''

ချိန်းထားသည့် ကော်ဖီဆိုင်သို့ ရောက်လာကာ  မတ်တပ်ရပ်လျက် အမေးပြုလာသော သဇင်နွယ်။

'' အရင်ထိုင်ပါဦး ''

မျက်နှာချင်းဆိုင် ထိုင်ခုံအား မေးဆတ်ပြလျက် သဇင်နွယ်ကို ထိုင်ခိုင်းစေမိသည်။ တစ်ဆိုင်လုံးကို နာရီနဲ့အပြတ်ငှားထားခြင်းမို့ တခြားဧည့်သည်များ
ကင်းရှင်းနေ၏။

'' ဘာပြောစရာရှိလို့လဲ ရေး ''

စားပွဲပေါ်တင်ထားသော ဖုန်းကိုဖွင့်ကာ ရိုက်ယူလာသော ဓါတ်ပုံကို ပြမိသည်။ အံ့သြခြင်းနှင့်အတူ ပြူးကျယ်ဝိုင်းစက်သွားသော အမူအရာ။ ရရှိလိုက်သော အဖြေသည် လုံလောက်သွားပြီပင်။

''  တကယ်ပဲ နင်ဖြစ်နေတာကိုး ''

'' မဟုတ်ဘူး။ မဟုတ်ဘူး။ နင် ငါ့ကို မစွပ်စွဲနဲ့ ရေးခါ ''

ပျာပျာသလဲ ငြင်းဆန်လာသည့် သဇင်နွယ်။
အကြောက်တရားမှာ ဒေါသတို့စွက်ဖက်နေ၍ သဇင်နွယ့်မျက်ဝန်းတွေ ဆောက်တည်ရာ မဲ့ချင်နေသလို အသံလည်း တုန်ရီချင်နေ၏။ ဒီလောက် အမူအရာ ပျက်နေတာတောင် ဝန်မခံချင်သူ မိန်းမပျိုအား ကြည့်ကာ စိတ်ပျက်လာရသည်။

'' အပြစ်ရှိရင် ပြန်ပေးဆပ်ရမှာပဲ သဇင်နွယ်။ နင် ဘယ်အချိန်ထိ ထွက်ပြေးဖို့ ကြံနေဦးမှာလဲ ''

'' နင် ဒီစကားတွေပဲ ဆက်ပြောနေမယ်ဆို ငါပြန်မယ် ရေးခါ။ နင် ငါ့ကို စွပ်စွဲမယ်ဆိုလည်း သက်သေအထောက်အထားတော့ ခိုင်ခိုင်လုံလုံ ယူလာခဲ့ ''

စားပွဲပေါ် တင်ထားသော လက်ကိုင်အိတ်ကို ဆောင့်ဆွဲယူရင်း နေရာမှထရပ်ကာ ခြေလှမ်း ပြင်နေသူ။ ရောက်ရှိလာသော ဒုတိယမြောက် ချိန်းဆိုထားသူ။ သဇင်နွယ့် အကြည့်တစ်ချက် ဝေ့ဝဲလာတော့၏။ မကျေနပ်ခြင်းအပြည့်ကို နှုတ်ခမ်းသားတွေထက် ပုံအပ်ထားကာ ခပ်တင်းတင်း စေ့ပိတ်ထားလျက်။

စလင်းဘက်အိတ်ကို လက်မှာဟန်ပါပါချိတ်လျက် အနားလျှောက်လာသူ။ ထင်မှတ်မထားသော သမီးငယ်ကိုပါ တွေ့လိုက်ရ၍ အံ့သြသွားရ၏။ သို့ပေမဲ့ ဝါရင့်သူပီပီ မူပျက်သွားခြင်းမရှိ။ ဟန်ချက်ကိုအတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်လိုက်၏။ လှမ်းသမျှ ခြေလှမ်းတိုင်းမှာ မာန်အပြည့်နဲ့ ဒေါ်ခက်ခက်နွယ်။

If YouWhere stories live. Discover now