Unicode
'' ညံ .. ညံ ..ခဏထဦး ''
နဖူးသားထက် လက်တင်ရင်း စမ်းကြည့်မိတော့ ကိုယ်တွေ ခြစ်ခြစ်တောက် ပူနေပြီပင်။ နှုတ်ခမ်းသားတွေလည်း ဖြူဖျော့နေ၏။ သတိက ကပ်တစ်ချက်၊ မကပ်တစ်ချက် ဖြစ်ချင်နေလျက်။ ဆေးခန်းဝင်ပြတုန်းက အနာရှိန်နဲ့ ကိုက်ခဲတာမျိုး၊ အဖျားဝင်တာမျိုးဖြစ်နိုင်ကြောင်း မှာလိုက်သည့် ဆရာဝန်ကြီးရဲ့စကားကို နားထဲ ပြန်ကြားယောင်လာ၏။ ဆေးတွေလည်း ကြိုပေးလိုက်၍ အဆင်ပြေပေမယ့် ပူတဲ့စိတ်ကတော့ နည်းနည်းလေးမှပင် မလျော့ပါးနိုင်။
ဆေးတိုက်ဖို့ ထိုင်ခိုင်းမှဖြစ်မှာမို့ ထူဖို့ရာ ပခုံးနှစ်ဖက်ကနေ ထိန်းကိုင်ဖို့ ပြင်မိလိုက်စဉ် ရှိသမျှ အားနှင့် အကြောက်အကန် ခုခံ ဖယ်ထုတ်လာသူ။ လန့်သွားမိတာတော့ အမှန်ပင်။ ပူပန်နေသည့် စိုးရိမ်စိတ်ကလည်း ဒီဂရီ မြင့်တက်လာရတော့၏။
ပခုံးထက်ရှိ လက်တွေကို ရိုက်ပုတ် ဖယ်ချနေရင်းမှ ---
'' မထိနဲ့။ ငါ့ကို မထိနဲ့လို့ ပြောနေတယ်လေ ''
ဟု ထပ်ခါရေရွတ်နေသော မပီမသစကားသံက တိုးမျှင်းမျှင်းလေးသာ။ အသားကို လုံးဝ အထိမခံဘဲ ရုန်းကန်ဖို့သာ ကြိုးစားနေလျက်။
ကွန်ပျူတာဖန်သား မျက်နှာပြင်ထက် မြင်ကွင်းတို့ကို ပြန်သတိရမိချိန် ခုလို တုံ့ပြန်နေခြင်းက ညံ ဘယ်လောက်ထိ လန့်သွားရကြောင်းကို နားလည်သိရှိစေ၏။ နင့်လာသည့် ဝဲဘက်ရင်အုံ၏ သောက အစိုင်အခဲထုကြောင့် မျက်တောင်ဖျားတို့အား ယောကျ်ားမာန်သုံးကာ တစ်ချက် ပုတ်ခတ်ဖြစ်လိုက်သည်။
ဖေးကူပေးမည့်သူ မရှိ။ ကိုယ်တိုင်လည်း ထူမတ်ဖို့
ခွန်အား ရှိမနေသည့်အချိန်။ဒီလိုအချိန်မှာမှ ----။
ရုတ်တရက် ရိုင်းစိုင်းယုတ်မာမှုက ကျရောက်ခဲ့သည်။
ဘယ်လောက်ထိ တုန်လှုပ်ခဲ့ရမလဲ။
ဘယ်လောက်တောင် သွေးပျက်နေခဲ့မလဲ။စိတ်ကိုမှ ဒဏ်ရာတွေ ပေးရတယ်လို့ကွာ ...။
ပြန်လည်တွေးမိတိုင်း စိတ်တို့က အထပ်ထပ် အခါခါ နာရသည်။ နိုင်ထက်စီးနင်း ပြုကျင့်ဖို့ ကြိုးစားခဲ့သည့်ကောင်ကြောင့် စိတ်လိပ်ပြာတို့ မငြိမ်းချမ်းနိုင်စွာ လန့်နေရရှာသူ။ မျက်ဝန်းတွေကို မှိတ်ထားလည်း အပူစီးကြောင်းတို့က နားထင်ထောင့်ဖျားဆီသို့ တသွင်သွင် မျောနေပါလျက်။ ဒီနှင်းပုလဲကြည်တွေ မြင်ရတိုင်း သည်ရင်တစ်ခုလုံးက ပေါက်ကွဲတော့မည့် မီးတောင်လိုပင်။