Ep - 22

11.7K 1.3K 12
                                    

Unicode

'' ကြာလိုက်တာ ရိုက်ခတ်ညံရယ်။ မင်းကို ပန်းအိုးတွေ ရွှေ့ခိုင်းမလို့ စောင့်နေတာ  ''

စိတ်မရှည်သောအသံဖြင့် ဒေါ်ခက်ခက်နွယ် ငြူစူခြင်းနှင့် စတင်လိုက်၏။ ရိုက်ခတ်ညံက ဘာတစ်ခွန်းမှ မပြော၊ပန်းအိုးများကိုသာ အကြည့် ပို့ထားလျက်။

'' ဒီပန်းအိုးတွေကို ခြံစပ်နား ပြောင်းမလို့။ ဒါမှမဟုတ် ဦးသောင်းတို့နေတဲ့ နေရာမှာပဲ ပြောင်းထားလိုက်ရင် ကောင်းမလား ''

သယ်ယူရသည့် အကွာအဝေး ပို၍ဝေးမည့် နေရာကို ချိန်ဆနေရင်းမှ ဒေါ်ခက်ခက်နွယ် ရေရွတ်လိုက်သည်။ မေးဖျားကို လက်နဲ့ တို့ထိရင်းမှ စဉ်းစားနေဟန်က ခိုင်းလိုရာ ခိုင်းတော့မည့် သဘောပုံစံ။

''  ကျွန်တော် ဘယ်ရွှေ့ပေးရမလဲ အန်တီ ''

ပန်းအိုးတစ်အိုးကို စပြီးမ,ရန် ဟန်ပြင်ရင်းမှ မေးခွန်းထုတ်လာသည့် ရိုက်ခတ်ညံ။ အတိုင်းအတာ ပမာဏ တွေးဆပြီးသည်မို့ ဒေါ်ခက်ခက်နွယ် ချက်ချင်းပြန်ဖြေလိုက်၏။

'' ဦးသောင်းတို့နေတဲ့ တိုက်အနောက်ဘက်မှာပဲ ထားတော့မယ်။ ပန်းအိုးတွေက ဝယ်ထားတာလည်း ကြာနေပြီဆိုတော့ အသစ်လဲလိုက်တာပဲ ကောင်းပါတယ်။ သေချာသယ်နော်။ ကျကွဲတာမျိုး မဖြစ်စေနဲ့။ မင်းက သိမှာမဟုတ်ပေမဲ့ ဒီပန်းအိုးတွေနဲ့ ပန်းတွေက ဈေးသိပ်ကြီးတာ  ''

'' အကုန် ရွှေ့မှာလား ''

'' အကုန်ရွှေ့မှာ။ ပြီးရင် ငါ့ကိုလာပြော  ''

ဒေါ်ခက်ခက်နွယ် အိမ်ကြီးရှင်ပမာဟန်ကို အလျော့အတင်းမရှိ ပြသပြီးနောက် ထွက်ခဲ့လိုက်သည်။ ခက်ထန်သည့် လေသံနဲ့အတူ မျက်နှာထက် အထင်သေးခြင်းမူရာကို ပါးပါးလျလျ ဖော်ပြထားလျက်။ ဂရုတစိုက် သယ်ယူ ပြောင်းရွှေ့နေသူကို ခြံထဲက နားနေဆောင်ထဲတွင် ထိုင်ကာ တစိမ့်စိမ့် ထိုင်ကြည့်နေလိုက်သည်။

နေမင်း၏ အရောင်အဝါ တောက်ပလာရန် အားပြုနေချိန်နှင့် ရောစပ်ထားသည့် မိုင်လိုဒဏ်တို့ကြောင့် ရိုက်ခတ်ညံ ခံစားရမည့် ပင်ပန်းဆင်းရဲခြင်းကို စောင့်ကြည့်ချင်သည်။ မျှော်မှန်းထားသလောက် မဟုတ်ပေမဲ့ ပန်းအိုးထားသည့် နေရာတွင် ခဏထိုင်ရင်းမှ ဗိုက်ကို လက်နှင့်ဖိနှိပ်ထားဟန်ကိုတော့ မကြာခဏဆိုသလို မြင်နေရသည်။ ဒီ့ထက်ပို၍ ခံစားစေချင်တာမှန်ပေမဲ့ ကြည့်ရတာ အခုလည်း အတော်သည်းခံထားရသည့်ပုံပင်။

If YouWhere stories live. Discover now