Ep - 24

12.3K 1.4K 16
                                    

Unicode

''  ကျွန်မ ရှင့်ကိုပြောမယ် ပြောမယ်နဲ့ မေ့နေတာ။ အခုမှပဲ သတိရတယ်။ ကျွန်မလေ ဟိုတနေ့က လမ်းမှာ ညံနဲ့တွေ့ခဲ့သေးတယ် ''

ကလေးတွေကို ခြင်ထောင်,ထောင်ပေးနေရင်းမှ ပြောလာသည့် မခင်မေ စကားကြောင့် ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်ရန် ပြင်နေသော သီဟလက်တို့ တုံ့နှေးသွား၏။ သို့ပေမဲ့ မခင်မေ သတိမမူလိုက်၍ ဟန်မပျက်စွာ ကွမ်းဆက်ငုံဖြစ်သည်။

'' ညံနဲ့ တွေ့တယ် ''

သံယောင်လိုက်ကာ သီဟ ခပ်တိုးတိုး ရေရွတ်မိသည်။ မခင်မေ ကလေးတွေကို ခြင်မကိုက်စေရန် ခြင်ထောင်ထဲ ဂရုတစိုက် ထည့်ပေးပြီးနောက် ပြတင်းပေါက်နား ထိုင်နေသော သီဟအနားသို့ လျှောက်လာလိုက်၏။

'' ညံ့ကိုမြင်တော့ မနှင်းမြကို သတိရမိသား ''

လေးလေးပင်ပင် ထွက်လာသည့် စကားသံက သီဟကို ပို၍ မွန်းကျပ်စေသည်။ သို့ပေမဲ့ မခင်မေက ဒီစကားဒီမှာတင် ပြီးပြတ်စေလိုဖွယ် ရည်ရွယ်ချက်မရှိ။ ဆက်လက်ချီတက်တော့၏။

'' မနှင်းမြလို စိတ်ကောင်းစေတနာရှိတဲ့သူကျမှ
ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရတယ်လို့။ ရှင် မနှင်းမြကို ကားနဲ့ တိုက်မိတဲ့အချိန်တုန်းက ညံလည်း နေရာမှာတင် ရှိနေခဲ့တာဆိုတော့ တော်တော် လန့်သွားရှာမှာ ''

မေ့ဖျောက်ထားတာ မဟုတ်ပေမဲ့ မေ့ပျောက်ချင်သည့် အကြောင်းအရာတစ်ခုအား ပြန်အစဖော်နေသူကို သီဟ အပြစ်မမြင်ရက်။ မနှင်းမြ သေဆုံးရသည့် အဖြစ်မှန်ကို မသိသူမို့ သူ့ရင်ထဲကခံစားချက်ကို မခင်မေ မသိရှိခြင်းပင်။

'' ကျွန််မစိတ်ထဲ ညံက အရင်နဲ့မတူဘဲ ပြောင်းလဲသွားသလိုပဲ။ အရင်ကဆို  နွေးနွေးထွေးထွးရှိပေမဲ့ အခုမြင်ရတဲ့ ညံကတော့ အေးတိအေးစက်လေး ဖြစ်နေသလိုပဲ  ''

'' မင်း မနက် ဈေးထွက်ရဦးမယ်မလား။ အချိန်လည်းလင့်နေပြီ အိပ်တော့လေ မခင်မေ။ ငါအပြင် ခဏသွားဦးမယ်။ ပြန်လာတဲ့အချိန်ထိ စောင့်မနေနဲ့တော့ ''

'' ကျွန်မ ရှင့်အနာကို တူးဆွသလိုများ ဖြစ်သွားပြီလား ''

သိသိသာသာ စကားလမ်းကြောင်းလွှဲမိတော့ အရိပ်အကဲ နားလည်သူပီပီ အမေးပြုလာတော့သည်။

If YouWhere stories live. Discover now