သာယာသော ညနေခင်းလေးဝယ် အမျိုးသမီးတစ်ဦး၏ ညာသံပေး အော်ဟစ်ကာ ကလေးမီးဖွားနေသည့် အသံက တစ်အိမ်လုံးကို ကြီးစိုးလို့ နေခဲ့လေသည်။
သိပ်မကြာလိုက်ပေ။ကလေးလေးသည် "အူဝဲ" ဟူသော ငိုသံလေးနှင့် အတူ လူ့လောကထဲသို့ ရောက်ရှိလို့ လာခဲ့လေသည်။မီးဖွားပေးသည့် လက်သည် အဒေါ်ကြီးမှာ ဝမ်းသာအားရနှင့်ပင် အိမ်ခန်း အပြင်တွင် သတင်းကောင်းကို စောင့်နေကြသော လူတစ်စုကို လှမ်းအော်၍ အသိပေးလိုက်လေ၏။
"မွေးပြီဟေ့... မွေးပြီ၊ယောက်ျားလေးပဲ...ဟေ့"
အိမ်ခန်း အပြင်တွင် ရှိသော အိမ်ထောင်ဦးစီးနှင့် အိမ်နီးနားချင်း တစ်ချို့က "ဟေး" ခနဲ အော်ကာ ဝမ်းသာသည့်ဟန် ပြလာကြလေသည်။
ထိုစဥ် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းက သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။
ဟင်း...
ပြီးနောက်
"တော်သေးတာပေါ့အေ... မိချို ဒီတစ်ခါ မွေးတာ လွယ်ပေလို့ပေါ့၊ဟို ပထမ တစ်ယောက်တုန်းကဆို ခက်ခဲလိုက်တာများ... တကယ့် ဂြိုလ်ကောင်လေး"
ထိုသို့ ဆိုပြန်တော့ ဖခင်ဖြစ်သူ ဦးမောင်အုန်းက လက်မခံချင်ပေ။သူက မီးဖိုချောင် အပေါက်ဝတွင် ငြိမ်ငြိမ်လေး ထိုင်ကာ မီးဖွားနေသည့် အိမ်ခန်းဘက်သို့ မျှော်ကြည့်နေရှာသည့် သားဖြစ်သူ သွင်ကို ဂရုဏာသက်စွာ
ဖြင့် လှမ်းကြည့်လိုက်လေသည်။"မမခင်ရယ်... သားသွင်လေး မွေးတုန်းက ခက်ခဲတယ်ဆိုတာ သားဦးလေး ဖြစ်နေလို့ပါ၊ပြီးတော့ ကလေးကို ဂြိုလ်ကောင်လေးလို့ မခေါ်ပါနဲ့ဗျ...တော်ကြာ သားသွင်...ဝမ်းနည်းနေပါ့မယ်"
ဒေါ်ခင်သန်းကလည်း မလျှော့ပေ။ရင်ဘက်ပေါ်က ဆွဲပြားကြီးကို လူ မြင်အောင် ရင်ဘက်အား လက်နှင့် နှစ်ချက်မျှ ထုလိုက်ရင်း
"အောင်မယ်လေးအေ! ဟဲ့... အဲဒီကောင်လေး မွေးတုန်းက စနေနေ့ကြီးလေ၊ပြီးတော့ နေတတ်၊ရေတတ်လည်းဖြစ်၊ကိုယ်ဝန်ဆောင်တုန်းကလည်း မအေဖြစ်သူက အန်လိုက်ရတဲ့သွေး... တတ်လိုက်ရတဲ့ ဆေးရုံ... ကျလိုက်တဲ့ စီးပွား... အဲဒါ... အဲဒီကလေး ဂြိုလ်မွှေလို့ပဲပေါ့"

YOU ARE READING
သွင်(Completed)
Romanceရင်ဘက်ထဲမှာ တိတ်တဆိတ် ဖြစ်ထွန်းနေခဲ့တဲ့ အစိုင်အခဲလေးတွေ ဘယ်လောက်တောင် များနေခဲ့လိုက်မလဲ ကိုးရယ်... #ဂျိုးဆက် ပျော်ရွှင်မှုဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်လေတဲ့ သိပ်တန်ဖိုးကြီးတဲ့ အရာ... #သွင် သွင်က ကျွန်တော် မဖြိုချရက်ခဲ့တဲ့ သိပ်မာကျောတဲ့ နှလုံးသား တစ...