သွင်(Part-24)*Zawgyi

182 6 0
                                        

အထုပ်အပိုးတွေကို စိတ်မပါ၊လက်မပါနှင့် ထုပ်ပိုးနေသည့် သွင့်ကို ကြည့်ကာ ဂျိုးဆက် မျက်လွှာချမိလေသည်။ဆွဲထားချင်ပေမဲ့ သွင့် အတွက် မတရားသလို ဖြစ်နေသည့် အရာမို့ သူ မလုပ်ရက်ပေ။အိမ်နှင့် ခွဲနေရသည်မှာ ကြာပြီ မဟုတ်လား။

"အလုပ်က ပြန်လာတာနဲ့ ထမင်း စားဖို့ ချက်ရမယ်နော်၊ညနေဘက်တွေ ထမင်း မစားဘဲ မနေနဲ့"

သူ့ကို ကျောခိုင်းကာ ပြောနေသည့် သွင့်ကို ငေးကြည့်နေမိလေသည်။

စကား ပြန်၍ မပြောသည့် ဂျိုးဆက်ကြောင့် သွင်သည် လှည့်၍ ကြည့်လေ၏။

"ငိုနေတာလား...တောက်တောက်"

သွင်သည် ဂျိုးဆက်၏ မျက်ရည်စ တစ်ချို့ကို သုတ်ပေးရင်း နဖူးကို ခပ်ဖွဖွ တစ်ချက် နမ်းလေသည်။

"ကိုကိုက မကြာပါဘူး၊ပြန်လာမဲ့ ဟာကို"

ဂျိုးဆက်သည် ခေါင်းကို လေးဖင့်စွာ ညိတ်ပြလေသည်။

"ကျွန်တော့်ကို ဘာအကြောင်းနဲ့မှ ပစ်မသွားရဘူးနော်"

သွင်သည် အသည်းယားစွာဖြင့် သွင့် နှာခေါင်းကို လက်နှင့် ဖျစ်ညှစ်လိုက်ရင်း

"တောက်တောက်က ပစ်သွားမယ်ဆိုရင်တောင် ကိုကိုက ဆက်ချစ်နေမဲ့ သူပါကွာ၊ကိုကို့ကို ယုံနော်"

ဂျိုးဆက်သည် သွင့် နဖူးကို အနမ်း တစ်ပွင့် ချွေလိုက်လေ၏။ထို အနမ်းသည် သွင့်အား လုံခြုံမှု အပြည့် ပေးသလိုပင် ခံစားရစေသည်။

                                ********

သွင် အိမ်ပြန်ရောက်သည့်အခါ မိခင်ဖြစ်သူသည် ထမင်းဝိုင်းကို အသင့် ခင်း၍ စောင့်ကြိုနေလေသည်။ထိုမြင်ကွင်းကြောင့် သွင့် မျက်ရည်တို့သည် ရစ်ဝိုင်းရလေ၏။

သွင့် တစ်သက် မမျှော်လင့်ရဲခဲ့သော မြင်ကွင်းလေးပင် ဖြစ်လေသည်။

'ရင်ဘက်တွေ နာလိုက်တာ'

"ဟင်းတွေ ထည့်စားလေ သွင်၊ဘာလို့ နှစ်ဖက်တည်းလဲ"

သွင့် မျက်ရည်တို့သည် မျက်ဝန်းအိမ်မှ အပြင်သို့
လွင့်စင်ကျရလေ၏။

ငယ်စဉ်တည်းက ဟင်းဆိုလျှင် နှစ်ဖက်က လွဲ၍ ပိုမစားခဲ့ရသောကြောင့်ဟု ပြောလျှင် သွင့် အနေနှင့် ရိုင်းရာ ကျပေတော့မည်။

သွင်သည် မိခင်ဖြစ်သူ စိတ်မကောင်း ဖြစ်ရမည်ကို စိုးရိမ်သောကြောင့် ခေါင်းသာ ခါပြလိုက်လေသည်။

"ခရီး ပန်းလာလို့ ဗိုက်မဆာတာပါ... အမေ"

ထိုမျှပင် ဖြစ်သည်။အမေသည်လည်း မည်သည့် စကားမှ ထပ်မပြောတော့ပေ။

ထမင်း စားပြီးတည်းက ညီအစ်ကို နှစ်ယောက် အိမ်ရှေ့ရှိ မြေကြီး အလွတ်တွင် ခြင်းခက်ဖြစ်ကြလေသည်။

"ကိုကြီးသွင် အရင်လောက် မကျွမ်းတော့သလိုပဲနော်၊ကိုကြီးသွင်ရဲ့ စွမ်းရည်တွေကို ဘယ်နေရာမှာ အသုံးချလိုက်တာလဲ ခင်ဗျာ"

တိုးတတ်လျှံသည် ပြုံးစစနှင့် ရွှတ်နောက်နောက် စကားကို ပြောလာလေသည်။

သွင်သည် ညီဖြစ်သူ တိုးတတ်လျှံအား ခြင်းလုံးနှင့် ပစ်ပေါက်လိုက်ကာ

"အဲဒါ ကလေးတွေ ပြောသင့်တဲ့ စကားလား"

"ဘွဲ့တောင် ရပြီးပြီကို ဘယ်က ကလေးရမှာလဲဗျာ၊လူကြီးဗျ လူကြီး"

သွင်သည် လျှာထုတ်ပြကာ ပြောင်လိုက်ရင်း

"ဘွဲ့ရလည်း အလုပ် မရှိရင် ကလေးပဲ"

သည်တစ်ခါတွင်တော့ တိုးတတ်လျှံ တစ်ယောက် နှုတ်ခမ်းဆူကာ ခြေထောက်ကို ဆောင့်၍ အိမ်ထဲသို့ ဝင်သွားလေတော့သည်။

အဟတ်...
သွင်သည် သဘောကျစွာ ရယ်လိုက်ရင်း

"ညီလေးလျှံ စိတ်ကောက်ပါနဲ့ကွာ"

"အရင်အတိုင်း မင်းက ချောမောမှုတွေ လျော့မသွားဘူးပဲ"

ရင်းနှီးနေသည့် အသံကြောင့် သွင်သည် နောက်ကို ချာခနဲ လှည့်ကာ ကြည့်မိလေသည်။

"ကိုယ်ပါ... အသွင်"

"ဒိုးဆက်!"

ဒိုးဆက် တစ်ယောက် အိမ်မှာ ရှိနေမည်မှန်း သိသော်လည်း အခုလို လာ၍ မျက်နှာပြောင် တိုက်ကာ နှုတ်ဆက်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

"အချစ်ဦးကို မေ့မသွားလို့ ကျေးဇူးတင်ပါတယ်"

ခနဲ့တဲ့တဲ့ စကားသည် သွင့်ကို ရန်စနေသည်နှင့်ပင် တူနေလေသည်။

"မှားနေပြီ ထင်တယ်၊ငါ မင်းကို မေ့သွားတာ ကြာခဲ့ပါပြီ"

ထိုစကားကို ပြောပြီးသည်နှင့် သွင်သည် အိမ်ထဲသို့ ပြန်ဝင်လာခဲ့လေတော့သည်။

'တစ်ချို့ ဒဏ်ရာ‌တွေက အမြဲ အမှတ်ရနေဖို့ မလိုအပ်ဘူးလေ။'

                                 *******

#Lary


သွင်(Completed)Where stories live. Discover now