သွင်(Part~3)*Unicode

644 40 5
                                        

မွေးနေ့ ဆွမ်းကပ်ပြီးသည့် နောက်ပိုင်းမှစ၍ အချိန် ကြာလာသည်နှင့် အမျှ သွင်သည် မည်သူနှင့်မျှ စကားကို လုံးစေ့ပတ်စေ့ မပြောတော့ပေ။မိဘများ၏ ကျွေးသည်ကို စားပြီး၊ဝမ်းကွဲ အစ်ကို၏ အဝတ်အထည် အကျများကိုသာ ဝတ်ဆင်ရလေသည်။

နောက်ပိုင်းတွင် သွင်သည် လိုချင်သည်၊လိုအပ်သည်များကိုပင် မိဘများကို ထုတ်မပြောတော့ဘဲ ကလေးနှင့် မလိုအောင်ပင် တိတ်တိတ်ကလေး နေတတ်လာခဲ့လေသည်။

သွင်သည် အမှောင်တွေကို ကြိုက်လာလေသည်။သူ၏ စိတ်ခံစားချက်များကို မည်သူ့ကိုမျှ မဖော်ပြတော့ဘဲ နေရသည်ကိုလည်း သဘောကျလာလေတော့သည်။

တကယ်တမ်းတွင် သွင်သည် အမှောင်ထုထဲတွင် ချစ်ခြင်း မေတ္တာများကို စောင့်မျှော်နေရှာသော ကလေးငယ်လေး တစ်ယောက်သာ ဖြစ်လေတော့သည်။

                        🤍🤍🤍

သွင် သူငယ်တန်း စတတ်သည့် နေ့တွင် သွင့် မေမေသည် ရွာထဲတွင်ပင် ရှိသည့် မူလတန်းကျောင်းကိုပင် လိုက်မပို့ခဲ့ပါပေ။

"သွင်ရေ... မင်း အိမ်ရှေ့အိမ်က ဒိုးဆက်လေးနဲ့ အတူတူ ကျောင်းသွား၊ငါ လိုက်မပို့အားဘူး... ဒီမှာ တိုးတတ်လေး နှာစေးနေလို့"

သွင်သည် နှာခေါင်း ပိတ်နေသဖြင့် ပါးစပ်လေး ဟကာ အသက်ရှူနေရှာသော ညီငယ်လေးကို ကြည့်ကာ "ဟုတ်ကဲ့" ဟု တစ်ခွန်းသာ ပြောရှာလေသည်။

ဒိုးဆက်သည် မျက်နှာချင်းဆိုင် အိမ်မှ ပထမတန်း တတ်မည့် ကောင်လေး ဖြစ်လေသည်။သို့ပေမဲ့ အချိန်ပြည့် အခန်းထဲတွင်သာ နေတတ်သည့် သွင်နှင့် မရင်းနှီးပေ။

သွင်သည် မလိုအပ်ဘဲ အိမ်အပြင် မထွက်တတ်သောကြောင့် မည်သူနှင့်မျှ မရင်းနှီးပေ။အပြင် ထွက်လျှင်လည်း ရွာထဲရှိ လူများသည် "ဂြိုလ်ကောင်လေး" ဟု ခေါ်တတ်ကြသဖြင့် သွင် နေရခက်လေသည်။

သွင် ထိုသို့ အခေါ်  မခံချင်ပေ။

ဒိုးဆက်သည် ကျောင်းသွားခါနီးတွင် တိုးတတ်လေးနှင့် ရွယ်တူလောက်ရှိသည့် သူ့ညီ ပေါက်စလေးကို နမ်းကာ နှုတ်ဆက်နေလေသည်။သွင် ရုတ်ချည်းပင် မိခင်ဖြစ်သူ၏ လက်ထဲက ညီငယ်လေးကို လှမ်းကြည့်လိုက်လေ၏။

သွင်(Completed)Where stories live. Discover now