42

1.3K 184 18
                                    

စောင်ထူထူအောက် နစ်မြုပ်နေသော Luhan ၏
ခန္ဓာကိုယ်လေးသည် စိတ်လှုပ်ရှားနေမှုကြောင့်
ချွေးထွက်ကာ အိုက်လှောင်စပြုလာသည်။

သို့တိုင်အောင် အနည်းငယ်လေးပင် မလှုပ်ရဲသေးဘဲ
အပြင်ဘက်မှ အခြေအနေအား  အကဲခတ်နေလိုက်၏။

အပြင်ဆုံးခန်းနှင့် သူရှိနေသော အတွင်းအိပ်ခန်းတို့မှာ
ဝေးလှသည့်အပြင် ကြားထဲ၌ ခန်းဆီးထူထူများ
ကာဆီးထားတာကြောင့် တော်ရုံလေသံလောက်ကို
မကြားရချေ။

ဘာမှလည်း မကြားရပါလားဟူ၍
သိချင်စိတ်တို့ ပြင်းပြနေချိန်မှာပင်
ငိုသံသဲ့သဲ့ကို သူဝိုးတဝါးကြားလိုက်ရပါသည်။

ရင်တုန်သွားရကာ ငုတ်တုတ်ပင်ထိုင်မိချေ၏။

ဒါက Xiao Xiang အသံ မဟုတ်ပါလား?

မိမိသည် တာဝန်မသိဘဲ တစ်ကိုယ်ကောင်းဆန်တတ်သော
သခင်တစ်ယောက်ဖြစ်နေသလားဟူသည့်
အပြစ်သိစိတ်က အာရုံထဲ ပြိုးကနဲ ပြက်ကနဲ။

အမှန်ဆိုရင် သူခေါင်းရှောင်ထွက်လာခြင်း မဟုတ်ပါ။

အစေခံတွေကြားထဲ သူ့ဆီက အဆူခံရမည်ကို တွေးကာ
ရှက်လာတာကြောင့် ကြံရာမရ ထွက်ပြေးမိခဲ့ခြင်း
သက်သက်။

သို့သော် သူအိပ်ရာထက်မှ ခြေဆင်းချရုံရှိသေး။
အပြင်ဘက်က အသံများက တိတ်ဆိတ်လို့သွားခဲ့ပြီ။

ဘာဖြစ်နေကြတာလဲ?

ဟင်?

ခဏမျှ တွေဝေစဉ်းစားလိုက်ပြီးနောက်
ရုတ်တရက် ခန်းဆီးကို လက်တစ်ဖက်က ပင့်တင်လာလျှင်
Luhan က ကြံရာမရ ဆတ်ကနဲ
အိပ်ရာထက် ပြန်လှဲချပစ်လိုက်တော့သည်။

Shixun က မတ်တပ်စုံရပ်ကာ အိပ်ရာထက် လှဲနေသော
ဖရိုဖရဲ ကိုယ်လုံးကလေးအား အကြည့်စိုက်လိုက်သည်။
ထို့နောက် ဆန်ပြုတ်နွေးပန်းကန်လုံးကို
ကျောက်စားပွဲထက် ချလိုက်သည်။

အခန်းအတွင်းရှိ ပြတင်းပေါက်များကို လိုက်ပိတ်ကာ
အခန်းအား မှောင်ကျစေ၏။

Shixun က အနောက်ဘက်ရှိ ရေချိုးဆောင်ဆီ
ကူးသွားသည့်အခါ Luhan က မျက်လုံးလေးကို
တစ်ဝက်မျှ ဖွင့်ကာ ခိုးကြည့်လိုက်လေသည်။

Yours [Completed]Where stories live. Discover now