အပိုင်း ၁

6.4K 282 12
                                    

ထမင်းစားပွဲဝိုင်းလေးတွင် မည်သည့်အသံကိုမျှ မကြားရလောက်အောင် တိတ်ဆိတ်လို့နေ၏။

“ခဏနေ အမေလာတော့မှာ ငါမှာထားတာတွေ မှတ်မိတယ်မလား”

လေသံခပ်အေးအေးကြောင့် မျက်လွှာကိုချလျှက်နှင့် ဇွန်းလေးကိုအသာချကာ လက်နှစ်ဖက်ကို ပေါင်ပေါ်တင်ကျစ်ကျစ်ဆုပ်ရင်း ရှင်းစန့်ငယ် ခေါင်းကိုညိတ်မိသည်။

“ဘာတွေလဲ ပြန်ပြော”

အသံပိုင်ရှင်ကို စန့်ငယ်မကြည့်ပဲ မျက်လွှာကိုသာချလို့

“လက်ရှည်အင်္ကျီဝတ်ထားရမယ် ပြုံးနေရမယ် အပြင်သွားဖို့ခေါ်ရင် မလိုက်ရဘူး ဘာပဲဖြစ်ဖြစ်ငြင်းရမယ် မဒမ့်ရှေ့ မလိုအပ်တဲ့စကားတွေမပြောရဘူး မေးတာပဲဖြေရမယ်”

“ကောင်းပြီ စား”

အမှားပါသွားမှာစိုးလွန်း၍ ရင်တွေတုန်နေရသည့်အပြင် လက်ဖျားတွေပင်အေးကာ အနည်းငယ်တုန်ရီလာကြတာကြောင့် လှမ်းကိုင်မိသည့်ဇွန်းမှာ ပန်းကန်နှင့် ထိမိသွား၍ ချွင်းခနဲ အသံထွက်ပေါ်လာ၏။

“ကျစ်”

စုတ်သံတချက်နှင့်အတူ ‌စိတ်ဆိုးမာန်ဆိုးထလိုက်သည့် အကိုလင်းထိုက်ကြောင့် ထိုင်ခုံဟာ ဂျောခနဲ အဝေးရောက်သွားရပြီး စန့်ငယ်ရဲ့ကိုယ်လေးကတော့ တုန်ရီလို့လာသည်။

“ထမင်းစားတာလေးကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူးလား!!!”

အော်ဟစ်လာတော့ စန့်ငယ်မျက်ရည်ဝဲလာမိသည်။

“လက်ထုတ်!”

‌စန့်ငယ်ကြားပေမဲ့ ခါးပတ်ချွတ်နေတာကိုမြင်တာကြောင့် ကြောက်၍မလုပ်မိခဲ့။

“လက်ထုတ်လို့ပြောနေတယ်လေ!!!”

မဝံ့မရဲညာလက်လေးကိုလှန်ကာ ကမ်းပေးလိုက်သည့်နောက် ခါးပတ်တို့၏ရိုက်ချက်က လက်အပေါ်သို့ကျရောက်လာ၏။

နာကျဉ်ရသည်။ သို့ပေမဲ့ ရှောင်မပြေးရဲသလို အသံပင်မထွက်ရဲ။ ထွက်မိခဲ့လျှင် အကိုလင်းထိုက်က စန့်ငယ်ကို ပိုရိုက်တော့မှာ။
မျက်ရည်တို့သာ ပိုးပိုးပေါက်ပေါက်ကျရင်း စန့်ငယ် သည်းညည်းခံရသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now