အပိုင်း ၂၄

1.9K 176 17
                                    

အကိုလင်းထိုက် ဆေးရုံရောက်ရသည့်အပေါ် သူ့အပြစ်ဟုဆိုကာ နွေးရသီက ရန်တွေ့သွားသည်။

ထစ်ခနဲဆို သူ့အပြစ်ချည်းပုံချတက်သည့်နွေးရသီကို ဒေါသဖြစ်မိပေမဲ့ CCTV မှတ်တမ်းကို သူမြင်လိုက်ရတာကြောင့် စိတ်ထဲတမျိုးဖြစ်သွားခဲ့သည်။

လူတစ်ယောက်က စိတ်ရှိတိုင်းထိုးနှက်သွားသည်တဲ့။

ဆိုင်ရဲ့အနီးအနားမှာတင် အကိုလင်းထိုက်ကို ပစ်ထားခဲ့တာ။
 
ထို့အပြင် ပုံပန်းသဏ္ဍာန်က တစ်စုံတစ်ဦးကို ထင်ဟပ်နေစေတော့....။

အိမ်ပြန်လမ်းတစ်လျှောက်လုံး သူ့အတွေးတွေက မရေမရာဖြစ်‌နေခဲ့သည်။

ထိုနေ့က အကိုလင်းထိုက် ဘာဖြစ်သွားသလဲ သူမသိလိုက်တာအမှန်။

သူ့ကိုအိမ်ပြန်လိုက်ပို့ပေးမယ်ပြောပြီး ခဏလောက်တော့ ထွဋ်မြတ် သူ့အနားက ပျောက်သွားခဲ့သည်။

ပြန်လာတဲ့အခါမှာတော့ ထူးထူးခြားခြား အဝတ်အစားလဲခဲ့တာကိုတော့ သူ‌ကောင်းကောင်းမှတ်မိပေမဲ့ ထူးထွေပြီး မမေးဖြစ်ခဲ့တာဖြစ်သည်။

အဲ့အတောအတွင်း အကိုလင်းထိုက်ကိုများ သွားထိုးနှက်ခဲ့လေသလား...။

အတွေးတွေနဲ့ စန့်ငယ် ရင်ပူလာရသည်။

“ကိုယ့်ကလေးလေး”

ခါးတဝိုက်လက်တွေရစ်ပတ်လာကာ နားသယ်စကို နှုတ်ခမ်းတို့က တိုးတိုက်လာကြသည်။

“ယားတယ်”

သူရယ်ရင်း မျက်နှာချင်းဆိုင်လိုက်တဲ့အခါ သူ့မျက်နှာဟာ အပူတစ်ချို့နဲ့ အနည်းငယ်မှိုင်းနေတာကို မြင်တော့ ထွဋ်မြတ်က မေးဖျားမှဆွဲမော့ကာ မေးလေ၏။

“ဘာဖြစ်လို့လဲ”

မျက်ဝန်းတွေထဲက စိုးရိမ်စိတ်တွေဟာ သူ့အတွက်မှန်းသိရတော့ စန့်ငယ် ဖွင့်မေးဖို့ ဝန်လေးမိရပြန်သည်။

ဒါပေမဲ့လည်း သူအတွက်ကြောင့်နဲ့ ထွဋ်မြတ်ကို လူဆိုးမဖြစ်စေချင်တာကြောင့် သူပြောမှဖြစ်တော့မည်။

“အကိုလင်းထိုက်ကို ဆေးရုံရောက်သွားအောင် လုပ်လိုက်တာ ဦးထွဋ်မြတ်လား”

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now