အပိုင်း ၉

1.8K 192 13
                                    

“မင်းက ငိုတက်တာပဲ”

ညိုပြာရီဝေသောမျက်ဝန်းတွေကိုငေးရင်း စန့်ငယ် ဘာမှပြန်မပြောဖြစ်ခဲ့။ ပါးပြင်ပေါ်က မျက်ရည်စတွေကိုတော့ ထွဋ်မြတ်က ညင်သာစွာ ပွတ်သပ်ဖယ်ရှားပေး၏။

“မငိုနဲ့မပြောဘူး မင်းငိုချင်သလောက်ငို မင်းအနားမှာ ငါရှိမယ်”

ချိုသာသည့်အပြောမဟုတ်ပေမဲ့ သူ့အတွက်တော့ ချော့မြူသယောင်မို့ ထွဋ်မြတ်ရဲ့ လက်ဖဝါးတွေထဲမှ ရုန်းထွက်လိုက်ပြီး ခေါင်းကိုငုံ့ချကာ စန့်ငယ် ရှိုက်ကြီးတငင် ငိုမိတော့သည်။

ဗန်းကိုဆွဲဖယ်၊ စားပွဲခုံကိုခေါက်သိမ်းလိုက်သည်မှာ လျင်မြန်လွန်းလှပြီး သူ့အားရင်ခွင်ထဲဆွဲထည့်လိုက်သည့်အခါ ရုန်းကန်ဖို့ပင်မေ့လျော့ကာ ရင်ခွင်နွေးနွေးထဲ ငိုရှိုက်မိ၏။

‌ဘာစကားတစ်ခွန်းမှမပြောတော့ပဲ သူ့ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးလာတော့ မျက်နှာဖွက်ကာ ရင်ခွင်ကျယ်ကို တိုးကပ်မိလျက်သားဖြစ်သွားသည်။

သူ တစ်စုံတစ်ယောက်ရဲ့ရှေ့မှာ မငိုဖြစ်ခဲ့တာကြာပြီ။ နှစ်သိမ့်မှုဆိုတာမျိုးကလည်း ဝေးလာဝေး။ တစ်ခေါက်တစ်လေတော့ သူ့ကိုနားလည်နှစ်သိမ့်ပေးတာမျိုးကို လိုချင်မိခဲ့တာ။

သေရမှာကြောက်လို့ငိုတာလား ဒီဘဝကြီးကို စိတ်ကုန်လာလို့လား ခိုနားစရာရင်ခွင်ကြီးရှိလို့ငိုမိတာလားလည်း စန့်ငယ် ကောင်းကောင်းမသိတော့ပါ။

သို့ပေမဲ့ ထွေးပွေ့ပေးထားသည့် ဤရင်ခွင်ကနွေး၏။

စည်းချက်မှန်သည့်ရင်ခုန်သံကျယ်အား အတိုင်းသား ကြားရသည်။

ရှူရှိုက်လိုက်တိုင်း နှာဖျားဆီတွေးဝှေ့လာသည့် ကဗာလာမြက်ခင်းပြင်ရဲ့ရနံ့တို့ဟာလည်း စိတ်အစဉ်ကို အေးချမ်းစေ၏။

ထို့ကြောင့် သိပ်မကြာလိုက်ပဲ မျက်ရည်တွေတိတ်သွားခဲ့သည်။

စိတ်ရှိတိုင်းငိုပြီးသည့်နောက် ထွဋ်မြတ်က သူ့အား စွပ်ပြုတ်တိုက်၏။ အစာမရှိထားတာကြောင့် စားဝင်ပေမဲ့ ကလေးတစ်ယောက်လို ငိုမိခဲ့တာမို့ ထွဋ်မြတ်ကိုတော့ မျက်လုံးချင်းမဆိုင်ဝံ့ခဲ့ပါ။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now