အပိုင်း ၁၇

1.8K 182 30
                                    

မွန်းလွဲကတည်းကညိုနေတဲ့မိုးဟာ ငယ်လေးတို့ အိမ်ပြန်ရောက်ချိန်တွင်‌တော့ တဖွဲဖွဲကျနေခဲ့ပြီ။  မိုးသက်လေပြင်းကျနိုင်‌ကြောင်း သတင်းကြေညာထား၍ ပြတင်းပေါက်တွေအကုန် လိုက်ပိတ်ခိုင်းပြီး ငယ်လေးတို့ကို ရေမိုးချိုးဖို့ပြောထားလိုက်သည်။

သူကတော့ ပုစွန်ကြာဇံချက်ဖို့အတွက် လိုအပ်တာတွေပြင်ဆင်တဲ့အခါ ကူညီလှီးဖြတ်ပေးသည့်ဦးထွဋ်မြတ်က ဟင်းချက်တွင်တော့ တကယ်ပင် မတော်။
အရာရာ perfect ဖြစ်နေကျ ဦးထွဋ်မြတ်က အခုလိုမျိုး အားနည်းချက်လည်းရှိတက်တာပဲလား တွေးမိတော့ သူပြုံးမိရသည်။

“ဘာတွေပြုံးနေတာလဲကွ”

ဇောချွေးတွေပျံနေသည့်ဦးထွဋ်မြတ်ကတော့ သူပြုံးမိတာကို လှောင်ပြုံး၊ပြုံးတယ်များတွေးသွားမလားမသိတာကြောင့် စန့်ငယ် ဖြေရှင်းချက်ပေးလိုက်သည်။

“ဦးထွဋ်မြတ်မှာလည်း အားနည်းချက်ရှိပါလားလို့ တွေးမိသွားလို့ပါ”

သူ့စကားကြားမှပြုံးနိုင်တော့သည့်ဦးထွဋ်မြတ်က သူလှီးပြထားသည့်အတိုင်း မုန်လာဥနီကို လှီးနေတာဖြစ်ပေမဲ့ ပုံစံမကျ။ လွယ်ကူသည့်မှိုကိုတော့ ကောင်းမွန်စွာ ထပ်ပိုင်းဖြတ်၏။
ရွှေပဲသီးကိုအာရုံစူးစိုက်ကာလှီးနေသည်မှာ ချွေးပေါက်တွေပင် ဝေ့သီကုန်ပြီဖြစ်တာကြောင့် အဝတ်စယူကာ သူသုတ်ပေးရတော့သည်။

“ချွေးတွေ”

နဖူးထက်ကို အဝတ်ခြောက်လေးဖြင့် ခပ်ဖွဖွသုတ်ပေးလိုက်တော့ မျက်နှာကိုပိုလို့ပင် ငုံ့ကိုင်းပေးလာကာ သုတ်ပေးရသည့်သူ့အား အဆင်ပြေစေ၏။

“ရပြီ”

“အင်း”

အပြုံးတွေထပ်တူကျလျက် တစ်ယောက်တည်း ဟင်းချက်ရတာထက် ဦးထွဋ်မြတ်နဲ့နှစ်ယောက်အတူဆိုတော့ ဒီနေ့ဟင်းချက်ရတာက စန့်ငယ်အတွက် ပျော်စရာသိပ်ကောင်းပါ၏။

ခပ်စောစောစားသည့် မိသားစုထမင်းဝိုင်းလေးက ဦးထွဋ်မြတ်ရောက်လာတော့ ပိုလို့ပင် သက်ဝင်လှုပ်ရှားသွားသည်။ ငယ်လေးတို့ကလည်း သဘောတကျရှိကြတာကြောင့် ညစာစားခြင်းအမှုဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြီးဆုံးသွားရသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Kde žijí příběhy. Začni objevovat