အပိုင်း- ၁

14.5K 642 24
                                    


" စံကားဝါပုလင်းလေးတွေ တန်တယ်လေ ဈေးအစားစားပဲနော် ပုပ္ပားကပြန်ရင် စံကားဝါပုလင်းလေးတွေ အမှတ်တရ ယူသွားသင့်တယ်နော် ဒေါ်ဒေါ်တို့"

" အစ်မတို့ ပုပ္ပားအမှတ်တရ ဝါးယပ်တောင်လှလှကလေးတွေ ဝယ်သွားကြအုံးလေ ဝါးစစ်စစ်မို့ လှလဲလှ လေလဲပိုအေးတဲ့ ပုပ္ပားဝါးယပ်တောင်နော် "

" စံကားဝါ ပန်းကုံးလေးတွေလဲ မွှေးနေတာပဲနော် ဝယ်ပန်သွားကြရင် မွှေးလဲမွှေး၊ လှလဲသိပ်လှသွားကြမှာ ညီမလေးတို့ရေ ပုပ္ပားရဲ့ စံကားဝါတွေ ပုပ္ပားရဲ့ စံကားဝါတွေ"

" စံကားဝါသော့ချိတ်ကလေးတွေ ကြည့်သွားမလား မျောက်ရုပ်လှလှလေးတွေလဲ ရှိတယ်လေ သားသားတို့အကြိုက် သေနတ်လေးတွေရောရှိတယ်နော် "

" ပုပ္ပား ချည်အင်္ကျီလေးတွေ၊ ချည်လွယ်အိတ်ကလေးတွေ တအားလှတယ်နော် မောင်လေးတို့ ကြည့်သွားကြပါအုံးလား "

ဤသည်ကား ပုပ္ပားတောင်ကလပ်ဆီ တက်သည့်လမ်းမှ ကြားနေကျဈေးခေါ်သံများပင်...

နံနက်ဝေလီဝေလင်းကတည်းက ပုပ္ပားတောင်ကလပ်၌ ဈေးရောင်းသူများ၊ တောင်ကလပ်ပေါ်တက်သူများဖြင့် ကြက်ပျံမကျ စည်ကားနေပြီဖြစ်၏။

မွေးကင်းစအရွယ်မှစ၍ ရင်းနှီးနေသည့် ဤမြင်ကွင်းက ရဲသွေးထက်နောင်အဖို့ မည်သည့်အခါမှ ရိုးအီမသွားပါလေ...

ဘဝတူ ဈေးသည်အချို့၏ ဈေးခေါ်သံများက သူ့အတွက် မနက်ခင်း၏ မင်္ဂလာတေးသံသာဖြစ်ကာ အိပ်ရာနိုးချိန်တိုင်း သင်းပျံ့ပျံ့မွှေးနေတတ်သည့် စံကားဝါရနံ့လေးကို ရှူရှိုက်ရပါမှ တစ်နေ့တာလုံး နေသာထိုင်သာ ရှိမိသည်အထိပင်...

ပုဂံညောင်ဦးဘက်တွင် မြေသင်းရနံ့ကြီးစိုးသည်ဆိုပါက သူ၏မွေးရပ်မြေတွင် စံကားဝါရနံ့တို့ ကြီးစိုးလေသည်။

ထို့ကြောင့်လည်း စံကားဝါမြေဟုပင် အမည်တွင်လေသည် မဟုတ်ပါလား...

ပုပ္ပားတောင်ကလပ်တွင် ဈေးကူရောင်းနေသော်လည်း
အမှန်စင်စစ် ထက်နောင်က ပုဂံယွန်းပညာကောလိပ်မှ အချိန်ပိုင်းနည်းပြဆရာတစ်ဦးပင်။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now