အပိုင်း - ၂၉

641 18 0
                                    

တစ်ဖက်ကမ်းရောက်သည့်အခါ တန့်ကြည့်တောင်ပေါ်တက်ရန်အတွက် တောင်တက်ကားငှားပြီး ခရီးဆက်ကြရပြန်သည်။

လူးကပ်စ်က လှိုင်းမူးနေသည်ကိုအကြောင်းပြကာ တောင်တက်လမ်းတစ်လျှောက်လုံးလည်း ထက်နောင့်ပခုံးပေါ် မှီလိုက်လာ၏။

ထက်နောင်က ပခုံးထက်မှကောင်လေး၏ နားထင်လေးများကို လက်ညှိုးနှင့်လက်ခလယ်လေးသုံးကာ ခပ်ဖွဖွနှိပ်နယ်ပေး၍တစ်မျိုး၊ သံပရာသီးလေးဖြင့် အသာလှိမ့်၍တစ်ဖုံ ပြုစုပေးနေသည်မှာ စိတ်ပူနေကြောင်း သိသိသာသာ။

" လူးကပ်စ် အဆင်ပြေရဲ့လား "

ထက်နောင်၏ ကျန်လက်တစ်ဖက်ကလည်း လူးကပ်စ်လက်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ထိုစကားကိုသာ တွင်တွင်မေးနေလျှက်။

လူးကပ်စ်က ထက်နောင်ပေးထားသည့်ရှူရှိုက်‌နေရင်းမှ ခေါင်းတစ်ချက်ကိုသာ အသာအယာ
ညိတ်ပြလိုက်၏။

ထက်နောင်စိတ်ပူသည်မှာလည်း အလွန်မဟုတ်။

တောင်တက်လမ်းကြီးက အတော်ကြမ်းကာ ဂလုန်ဂလုများသည်နှင့်အညီ ကားကြီးက ယိမ်းလိုက်၊ တည့်လိုက်ဖြစ်နေသည်မှာ စကောထဲ ဆီးဖြူသီးထည့်လှိမ့်နေသည့်အလား။

ယိုင်ထိုးယိုင်ထိုးတက်နေရသည့်ကားကြောင့် သာမန်လူများပင် မူးလာသယောင်ခံစားရသဖြင့် နဂိုကတည်းက လှိုင်းမှုလာသောလူးကပ်စ်ကို စိတ်မပူသည်ကမှ ထူးဆန်းနေမည်သာ။

" အန်ချင်ရင်ပြောနော် လူးကပ်စ် ဘာမှအားမနာနဲ့ "

" ဟုတ် အစ်ကို "

" တောင့်ထား စေတီရောက်ဖို့က ဘယ်လောက်မှ မကြာတော့ဘူး သိလား "

တတွတ်တွတ်ပြောနေသူ ကျေနပ်‌စေရန် လူးကပ်စ် ခေါင်းညိတ်ပြလိုက်ရ၏။

အစ်ကို၏ ဂရုစိုက်မှုများနှင့် အကျွမ်းဝင်နေမိကာ ထိုအရာများကို ငတ်ငတ်မွတ်မွတ်စွဲလမ်းနေမိသည်မှာလည်း ရောဂါတစ်ခုအလား။

သူတို့တန့်ကြည့်တောင်ပေါ်ရောက်ချိန်၌ မွန်းတည့်ရန် အချိန်အနည်းငယ်သာလိုတော့သည့် အနေအထားဖြစ်၍ ဆွမ်း၊ ရေချမ်း၊ ပန်းများကို အပြေးအလွှား အချိန်မီအမြန်ဝယ်လှူလိုက်ရသည်။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now