အပိုင်း - ၃၆

1.5K 105 5
                                    

မနက်စာစားချိန်က မောင်ဖြစ်သူကံကောင်းက ဟိုတယ်၌ အလှဆင်ရန် ယွန်းထည်အချို့လိုအပ်ကြောင်း အစီရင်ခံထားသည်မို့ ထွေးရီမော် ကိုယ်တိုင်သွားဝယ်ရန် ဆုံးဖြတ်လိုက်၏။

ယခင်က ထိုကဲ့သို့ကိစ္စများကို ကံကောင်းကိုသာ ခိုင်းနေကျဖြစ်သော်လည်း ယခု ဟိုတယ်၏ management ပိုင်းကလည်း အဆင်ပြေနေကာ ကိုယ်တိုင်လည်း အပြင်မထွက်ရသည်မှာကြာပြီဖြစ်၍ ထိုသို့စီစဉ်လိုက်ခြင်း။

တစ်လက်စတည်းမှာပင် သားဖြစ်သူက ယွန်းထည်များကို စိတ်ဝင်စားကြောင်း သူ(မ)သတိရသွားမိသည်။

ခေတ်လူငယ်ဖြစ်သည့် သား၏အမြင်က သူ(မ)နှင့် ကွဲပြားကာ ဆန်းကောင်းဆန်းနေနိုင်သည်မဟုတ်ပါလား။

ထို့အပြင် သားနှင့်လည်း ပုဂံမြို့ထဲမသွားဖြစ်သည်မှာ အတော်ကြာပြီပင်။

ပုဂံသို့ ပြန်ရောက်ရောက်ချင်း တစ်ခေါက်သာ နယ်မြေလေ့လာသည့်အနေဖြင့် အတူတူလည်ပတ်ခဲ့ဖူးသည်သာ။

ထို့ကြောင့် ဟိုတယ်အတွက်လည်း သား၏အကူအညီရ၊ သားအမိနှစ်ဦးလည်း အတူတူလည်ရ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အတွေးဖြင့် သားကိုပါ ခေါ်သွားရန်တွေးလိုက်မိသည်။

ထိုအတွေးဖြင့် သား၏အခန်းထဲကူးလာလိုက်ကာ တံခါးခေါက်လိုက်သော်လည်း သားက ပြန်မထူး။

" မွန်ဖျိ မွန်ဖျိရေ "

ဒေါ်ထွေးရီမော် တံခါးကိုဆက်ခေါက်လိုက်မိချိန် စေ့ရုံသာစေ့ထားသည့် အခန်းတံခါးက ပွင့်သွား၏။

" မွန်ဖျိရေ မဲ့ရ်ဝင်လာမယ်နော် "

ပြောပြောဆိုဆို အခန်းထဲဆက်ဝင်သွားလိုက်ကာ သန့်စင်ခန်းဘက်ထိ ဆက်ရှာကြည့်လိုက်သော်လည်း သားကရှိမနေ။

" အခန်းထဲမှာ မရှိဘူးပဲ ဒီကလေး ဘယ်များသွားပါလိမ့် "

တစ်ယောက်တည်းရေရွတ်ကာ ဒေါ်ထွေးရီမော်ပြန်ထွက်မည်ပြင်ခိုက် မျက်လုံးထောင့်မှမြင်လိုက်ရသော တစ်စုံတစ်ရာ။

ထိုအရာက အခြားမဟုတ်။
သား၏ခုတင်ထက်မှ စာအုပ်အညိုလေးသာ။

အနားတွင်လည်း ယွန်ဘူးလေးတစ်ဘူးက ပွင့်လျှက်သား။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now