အပိုင်း - ၂၈

2K 115 3
                                    

သူတို့ တုရင်တောင်စွယ်တော်မှထွက်လာချိန်၌ လောကတစ်ခွင်လုံး အလင်းရောင်များက အတော်လေးလွှမ်းခြုံနေလေပြီ။

" ဗိုက်ဆာပြီလား သား "

တုရင်တောင်အောက်ခြေအရောက် ဦးကံကောင်းက သူ့တူကို ဂရုတစိုက် လှမ်းမေးလာ၏။

လူးကပ်စ်က သူ့ဘာသာပြန်မဖြေဘဲ ထက်နောင်ဆီလှည့်ကြည့်လာရင်း...

" အစ်ကို ရော ‌တစ်ခု ခု စားချင် သေးလား "

" အစ်ကိုကတော့ သိပ်မဆာသေးပါဘူး လူးကပ်စ်သဘောလေ "

အမှန်တကယ်ကို ထက်နောင်မဆာသေးပါ။
ဟိုတယ်မှမထွက်ခင် အဆာပြေအဖြစ် ကော်ဖီတစ်ခွက်စီ သောက်ခဲ့ကြသေးသည်မဟုတ်လား။

လူးကပ်စ်က ထက်နောင်ဆီကအဖြေရပြီးမှ ဦးကံကောင်းဆီ ပြန်မေးလိုက်ပြန်သည်။

" ဦးလေး ရော "

" ဦးလေးက မဆာသေးပါဘူး မင်းတို့လူငယ်တွေကသာ ဗိုက်ဆာတတ်လွန်းလို့မေးရတာ "

" ဟုတ် ဒါဆို နောက် တစ်ဆူ ဖူး ပြီးမှ စားကြ တာပေါ့ ကျွန်တော် လဲ သိပ် မဆာ သေးဘူး "

သဘောတူညီစွာ ဆုံးဖြတ်လိုက်ကြပြီးနောက် နောက်ထပ်စွယ်‌တော်တစ်ဆူဆီ ခရီးဆက်လိုက်ကြ၏။

အစီအစဉ်အတိုင်း ဦးကံကောင်းမောင်းသည့်ကားလေးဦးတည်ရာက လောကနန္ဒာစွယ်တော်ရှင်ထံ။

လောကနန္ဒာစွယ်တော်ဆီရောက်ချိန်၌ မိုးစင်စင်လင်းနေပြီဖြစ်သည့်အပြင် စေတီတည်နေရာကလည်း အချက်အချာကျသည့်နေရာတွင်ဖြစ်၍ ဟိုစုစုဒီစုစုဖြင့် ဘုရားဖူးအတော်များများ တွေ့လာရလေပြီဖြစ်သည်။

စေတီတော်ကြီးက ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိနေကာ အုပ်တံတိုင်းကိုကျော်ကြည့်လိုက်ပါက တသွင်သွင်စီးဆင်းနေသည့် ဧရာဝတီမြစ်ကြီးကို အတိုင်းသားမြင်နေရပေလိမ့်မည်။

စေတီတံတိုင်းအပြင်၌ မြစ်ပြင်ကြီးဖြစ်သော်လည်း
ကလေးအချို့က မကြောက်မရွံ့ ထိုအုပ်တံတိုင်းပေါ်တွင် တက်ထိုင်နေကြသေး၏။

တမင်မရိုမသေပြုကြခြင်းကား ဟုတ်ဟန်မတူ။
ကလေးများသဘာဝ တစ်ဘက်မှ ဧရာဝတီမြစ်ကြီးကို ထိုင်ကြည့်လိုကြခြင်းသာဖြစ်ပုံပင်။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now