အပိုင်း - ၁၈

2.1K 143 9
                                    

" ဟင် သူတကယ်ကြီးရောက်လာတယ်ပေါ့ ထင်မထားဘူးနော် သန့်ဇင်ဦးက အတော်ဇွဲကောင်းသားပဲ အဲတော့ နင်ဘယ်လိုပြောလိုက်လဲကိုကို "

ရုတ်တရက်ကြားလိုက်ရသည့် နီနီ့အသံလေးကြောင့် အေးချမ်းမေသူ့ခြေလှမ်းများ တုံ့ခနဲရပ်သွားရသည်။

speakerမဖွင့်ထားသည့်အပြင် နေရာအကွာအဝေးအရ တစ်ဘက်မှအသံကိုပါ သူ(မ) ရှင်းလင်းစွာမကြားရ။

သို့သော် နေဝင်ဆည်းဆာနှင့်အပြိုင် ရဲတက်သွားသည့်မျက်နှာလေးနှင့် နီနီ့စကားသံလေးအရ မိန်းမပျိုလေးအား လာရောက်ရှာဖွေသည့်အမျိုးသားတစ်ယောက်ရှိနေကြောင်း သိလိုက်ရ၏။

အောက်နှုတ်ခမ်းလေးကိုဖိကိုက်လျှက် ရှက်သွေးဖြန်းကာ နားထောင်နေသည့်မျက်နှာလေးက သူ(မ)အတွက် နာကျင်စေသည့်လက်နက်လေးပင်။

နီနီဖုန်းပြောနေသည်က ဆေးရုံအပြင်ဘက်ရှိ ထိုင်ခုံတစ်ခုတွင်ဖြစ်သည်။

လူနာဖြစ်သည့် ဦးသောင်းတင်က ဆက်ဆံရေးပြေပြစ်ကာဖော်ရွေသူဖြစ်ရာ လူနာသတင်းလာမေးသူကများက ပြတ်လပ်သွားသည်မှာ ခပ်ရှားရှားပင်။

ယခုလည်း ညနေ နေဝင်ချိန်မှပင် လူနာသတင်းမေးသူအချို့ရောက်လာပြန်၍ လူများလျှင်စိတ်ရှုပ်တတ်သည့်နီနီက အခန်းအပြင်ထွက်ရင်းမှ အစ်ကိုဖြစ်သူဆီ ဖုန်းဆက်နေခြင်း။

ထုံးစံအတိုင်းပင် နီနီအပြင်ထွက်သည့်အခါ စိတ်မချသည့် သူ(မ)က အနားမှမလိုက်ဘဲမနေနိုင်ပါ‌လေ။

ယခုလည်း သန့်စင်ခန်းဝင်ကာ အခန်းထဲပြန်လာချိန်၌ နီနီက အခန်းထဲမရှိတော့၍ ဆေးရုံရှေ့ဆီထွက်လိုက်လာစဉ် ဖုန်းပြောနေသံကြားလိုက်မိ၍ အသာငြိမ်နေလိုက်ခြင်းပင်။

မေသူရောက်နေသည်က ဆေးရုံထောင့်စွန်းအကွယ်တွင်ဖြစ်၍ သူ(မ)ကသာ နီနီ့ကိုမြင်‌နေရကာ ဖုန်းပြောနေသည့်နီနီက မြင်ပုံမရ။

" ဒါပဲနော်ကိုကို နင် စကားတွေတော့ မကျွံစေနဲ့ဟာ ငါက သူ့ကိုလေ့လာတုန်းပဲရှိသေးတာ အောင်သွယ်တာတွေဘာတွေတော့ လုပ်ဖို့မစဉ်းစားနဲ့ သိလား "

ခပ်စွာစွာလေးပြောနေသံက စိတ်ထဲမပါဘဲ ရန်လုပ်နေသည့်အလား မကျေမနပ်သံမပါ,ပါချေ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now