အပိုင်း - ၃၉

1.6K 113 5
                                    


ထက်နောင် အခန်းထဲဝင်လိုက်သည့်အခါ လူနာခုတင်ထက်မှ ကောင်ငယ်လေးက အကျအန အိပ်ပျော်နေဆဲ။

သူ ခြေသံလုံလုံဖြင့် ခုတင်နားဆီ တိုးကပ်ကာ အနားမှခုံတစ်လုံးကိုယူထိုင်လိုက်သည့်အချိန်ထိ မျက်စိရှေ့မှစံကားဝါလေးက နိုးမလာသေး။

ထက်နောင် သူ့ရှေ့မှ ကောင်ငယ်လေးကို မျက်စိရှေ့မှ ပျောက်သွားမည်စိုးသည့်အလား တမေ့တမောငေးကြည့်နေမိ၏။

ဆံသားဝါဝါလေးများဖွာကြဲကာ အနည်းငယ်အုပ်နေသော မျက်နှာလေးက သိသိသာသာချောင်ကျနေပြီး ခေါင်းထက်တွင်လည်း ပတ်တီးဖြူဖြူတို့က နေရာယူထားလျှက်။

အညိုရင့်ရင့်မျက်ခုံးတန်းလေးနှစ်ခုက တစ်စုံတစ်ရာကို အလိုမကျဟန်ဖြင့် နီးကပ်စွာစုကျုံ့နေလျက်သား။

သူမြတ်နိုးရသော မျက်ဆန်ဝါဝါလေးက ထူထူထဲထဲမျက်တောင်တို့ဖြင့်အနားသတ်ထားသည့် မျက်ခွံမို့မို့အောက်၌ ပုန်းကွယ်နေကာ နှုတ်ခမ်းထူထူလေးတို့ကလည်း ခပ်စူစူ။

ခြေထောက်သေးသေးလေးများကလည်း ပတ်တီးဖြူဖြူများကြောင့် ဧရာမခြေထောက်ကြီးများအလား။

ကောင်လေးကိုကြည့်ရင်း ထက်နောင် အော်ငိုပစ်ချင်လာ၏။

ဘာကြောင့်များ အခုလောက်ထိစွန့်စားရသလဲ ‌ဆူပစ်ချင်မိသည်။

" တောင်းပန်ပါတယ် အစ်ကိုက အများကြီးပိုချစ်ပေးပါ့မယ် အမြဲတမ်းမင်းအတွက်ရှိနေပါ့မယ် အစ်ကိုရဲ့ကမ္ဘာငယ်လေးရယ် "

ခပ်တိုးတိုးရေရွတ်သံအား အိပ်မောကျနေသူလူးကပ်စ်တစ်ယောက် မကြားနိုင်။

နဖူးပေါ်ဝေ့ဝဲကျနေသည့် ဆံသားဝါဝါလေးအချို့ကို ထက်နောင်သပ်တင်ပေးလိုက်မိသည့်အခါ နူးညံ့လှပသောမျက်ဆန်ဝါလေးများက ဖြည်းဖြည်းချင်းပွင့်ဟလာပြီးနောက်...

" အစ်ကို "

လူးကပ်စ်ထံမှ ခေါ်သံလေးကြောင့် ထက်နောင့်မျက်လုံးများ ဝင်းလက်သွားရသည်အထိ။

သူ လိုအပ်နေသည့်အထဲ ထိုခေါ်သံလေးလည်း အပါအဝင်။

သိပ္ပံပညာရှင်တွေကဆိုတယ်
အသက်ရှင်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာက
ရေ၊ လေနဲ့ အစားအစာပါတဲ့။
တစ်ဆိတ် ကျွန်တော် ဒီလို အဆိုပြုပါရစေ
အဲဒီအထဲ သူ့ခေါ်သံလေးပါထည့်ပေးပါခင်ဗျာ

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now