အပိုင်း ၄၇(ဇာတ်သိမ်းပိုင်း)

775 16 0
                                    


" ရာသီမသိ၊ ပန်းနှင့်ညှိ " ဟုဆိုကြသည်။
အခါရာသီအလိုက် ပွင့်သောပန်းကိုကြည့်ကာ မည်သည့်လရောက်ပြီဟု သိနိုင်သည်ဟူသော အဓိပ္ပာယ်ပင်။

သို့သော် အချုပ်ခန်းထဲ ရောက်နေသူတစ်ယောက်အနေဖြင့် မည်သည့်ပန်းကိုမှမမြင် ပန်းရနံ့ကိုသော်မှမရသည့်အခါ မည်သည့်လ မည်သည့်အချိန်ဟုပင်သိနိုင်မည်မထင်။

မည်သို့ပင်ဆိုစေ။
စက္ကန့်အလီလီ ဖြတ်သန်းဆဲ။
နေ့ရက်များ ကုန်ဆုံးဆဲ။
လများထိ ‌ကုန်လွန်ဆဲ။

ထောင်အခန်းကျဉ်းလေးတစ်ခု၌ ပိန်လီညစ်ထေးနေသည့်ကောင်လေးတစ်ဦးက သံတိုင်ကိုလက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ဆုပ်ကာ သည်းအူပြတ်မတတ် ငိုရှိုက်နေ၏။

ငိုနေရာမှ တစ်ဖန် ကျယ်လောင်စွာ ထရယ်လာပြန်သည်။

ရဲရဲနီနေသည့်မျက်လုံးများကလည်း မျက်ဆန်ကလယ်ကလယ်ဖြင့် အကြည့်များက မူမမှန်ချင်။

စုတ်ပျက်နေသည့် အဝတ်အစားများက ညစ်ပတ်နံစော်နေသည်မှာ နှာခေါင်းမတည်နိုင်စရာ။

အထူးသဖြင့် ရောက်နေသည့်နေရာမှာ ထောင်ဖြစ်နေ၍ ပိုဆိုး၏။

ဆီမသထားသည့် ဆံပင်များကလည်း တွန့်လိမ်ရှုပ်ထွေးနေသည်မှာ ချည်အရှုပ်အထွေးကြီးတစ်ခုအလား။

အသက်ရှူသံများ၊ အမူအရာများမှအစ လုံးဝမူမမှန်ဘဲ တစ်ချက်မြင်သည်နှင့်ပင် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်းသိသာနေလျှက်။

" ဟာ ဒီခွေးကောင် "

အနားမှ အိပ်နေသည့် ထောင်သားတစ်ယောက်က ထိုအသံကြောင့် လန့်နိုးသွားရပြီး စိတ်မမှန်သူကို တရကြမ်းထကန်ပစ်သည်။

ထိုအခါတွင်မူ စိတ်ဝေဒနာသည်ကောင်လေးက မည်သို့မှပြန်မတုံ့ပြန်ဘဲ ပက်လက်ကလေးလဲနေရာမှ ကုန်းထပြီး ထောင့်တစ်ထောင့်ဆီသွားကာ ဒူးကိုပိုက်လျှက် ငိုနေပြန်၏။

" ဟိတ်ကောင် တိတ်စမ်း ငါ အိပ်နေတာ ဘာသံမှမကြားချင်ဘူး "

ထိုစကားအဆုံး တအီအီငိုနေရာမှ ဖြည်းဖြည်းချင်းတိတ်သွားကာ ချောင်ထဲ၌ ခွေခွေလေးအိပ်ပျော်သွားတော့၏။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now