အပိုင်း - ၈

3.3K 180 4
                                    


ထက်နောင်တို့လိုက်ပါလာသည့် တုတ်တုတ်ကလေးက တောင်မကြီးသို့ ဦးတည်ထွက်ခွာနေလေပြီ။

အညာနွေ၏လမ်းကား ဖုန်မှုန့်များဖြင့် ထောင်းထောင်းထနေ၏။

အညာဒေသ၏ပြယုဂ်ဖြစ်သည့် ထန်းပင်ကြီးများကလည်း မြင့်မြင့််မားမားဖြင့် လမ်းတစ်လျှောက်လုံး နေရာအနှံ့ ထီးထီးကြီးပေါက်ရောက်နေကြလျှက်...

ပုပ္ပားကား မိုးခေါင်ရေရှားသော အညာဒေသဖြစ်သည့်တိုင် နဂါးမောက်စိုက်ခင်းများအပြင် နှမ်းပင်များ၊ နွားစာပြောင်းခင်းများဖြင့် စိမ်းစိုနေလေသည်။

" နွေဦးကာလ မြူထသောအခါ၊
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊
ဓားနှီးထက်စွာ ခါးမှာချပ်လျက်၊
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ "

လှပလွန်းသည့် ပတ်ဝန်းကျင်၏ဆွဲဆောင်မှုကြောင့်
သူတို့အားလုံး ဘေးဘီဝဲယာဆီ အကြည့်ရောက်နေမိကြခိုက် ရုတ်တရက် ထွက်ပေါ်လာသည်က ထက်ဝေအောင်၏ အသံပါပေ...

မားမားစွင့်စွင့်ရှိနေသည့် ထန်းပင်ကြီးများနှင့် သဘာဝမြင်ကွင်းကိုကြည့်ကာ ထက်ဝေအောင်တစ်ယောက် တက္ကသိုလ်ဝင်တန်းကဗျာလေးကို သတိရမိသွားပုံပင်။

ဝန်ကြီးပဒေသရာဇာ၏ ထန်းတက်သမားဘွဲ့ ကဗျာလေးနှင့် အညာနွေကား ပနံ့လည်းသင့်လှ၏။

သို့သော် ထက်ဝေအောင်က ထိုမျှသာဆိုကာ ရပ်တန့်သွားရာ စန်းစန်းဝေက အားမရဟန်ဖြင့်...

" ဟဲ့ ငဝေ ဆက်ဆိုလေဟ ဒီမှာ နားထောင်လို့ကောင်းနေတာကို "

စန်းစန်းဝေစကားကြောင့် ထက်ဝေအောင်က ခေါင်းကိုခပ်ဖွဖွကုတ်ရင်း ရယ်ကြဲကြဲဖြင့်...

" အဟဲ မရတော့ဘူးဟ ငါ အဲဒီအထိပဲမှတ်မိတာ "

" ငါရတယ် ငါရတယ် ငါဆက်ဆိုပြမယ် "

အသံပိုင်ရှင်ကား ဇင်မင်းထက်...
ဇင်မင်းထက်ကား စန်းစန်းဝေကို သဘောကျနေသူဖြစ်ရာ စန်းစန်းဝေ၏ အထင်ကြီးမှုနှင့် အာရုံစိုက်မှုကိုရရန် အမြဲကြိုးပမ်းနေသူပါပင်...

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now