အပိုင်း - ၄၄

1.5K 90 6
                                    


" ဟော တိုက်တိုက်ဆိုင်ဆိုင် "

မုန်းစရာ အသံနှင့်အတူ အရက်နံ့ကလည်းထောင်းခနဲ။

မျက်စိရှေ့ရောက်လာသည့် အရက်ဆီတက်နေသော ပြောင်စပ်စပ်မျက်နှာကြောင့် နီနီ့မျက်နှာလေးက တင်းမာသွားရ၏။

မတွေ့ချင်သူကိုမှ တည့်တည့်လာတွေ့နေရသည်။

အေးအေးဆေးဆေးနေမှ ပြဿနာက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့်အဖြစ်။

ဘာမှမသိသည့် အေးချမ်းမေသူ‌ကမူ ကြောင်တောင်လေးကြည့်နေလျှက်။

ယနေ့က အေးချမ်းမေသူအတွက် ဆိုင်ခန်းငှားရန် ပိုင်ရှင်ဖြစ်သူအိမ်ဆီ သွားရောက်တွေ့ဆုံရင်း နီနီ့လက်မှုထည်အမှာပစ္စည်းကိုပါ စာတိုက်မှထည့်ပေးရန်အတွက် အတူတူထွက်လာခဲ့ခြင်း။

နေ့တိုင်းနီးပါးရှာနေသော်လည်း သူ(မ)တို့အတွက် ဆိုင်ခန်းက အခုထိ အဆင်မပြေသေး။

ဆိုင်ခန်းအချို့ရှိသော်လည်း အချို့ဆိုင်ခန်းများကချောင်ကျကာ အချို့ကလည်း ဈေးများနေ၍ စိတ်ကြိုက်မတွေ့သေးသည်ပင်။

ထို့ကြောင့်လည်း နှစ်ဦးသားအလုပ်ကိစ္စဖြင့်  အေးအေးဆေးဆေး လမ်းလျှောက်ရင်းထွက်လာခဲ့စဉ် ထိုအကုသိုလ်ခဲနှင့် ဆုံနေရသည်သာ။

နီနီက အမှတ်ကြီးသည်။
အထူးသဖြင့် မိသားစုကိုထိလျှင် လုံးဝမကြိုက်။

သန့်ဇင်ဦးဆိုသည့်ကောင်က ယခင်ရက်ကမှ ကိုကို့အကြောင်းနှင့်ပတ်သတ်ပြီး ခြိမ်းခြောက်ထားသည်ကို ရင်ထဲမမေ့သေး။

အစ်ကိုဖြစ်သူအကြောင်း သွားပုပ်လေလွင့်ပြောကာ ခြိမ်းခြောက်ပြီး ညီမဖြစ်သူရှေ့ လာရဲသေးသည်က တော်ရုံသတ္တိတော့မဟုတ်။

" လမ်းဖယ်ပါ "

" နီနီကလဲကွာ စိမ်းကားလိုက်တာ "

" ဒီနေ့ ရန်မဖြစ်ချင်ဘူး စကားကောင်းပြောနေတုန်း လမ်းဖယ်လိုက်နော် "

" အား မျက်နှာနုနုလေးနဲ့မှမလိုက် စကားလုံးတွေက မာလိုက်တာကွာ ရင်ဘက်ထဲတောင်အောင့်တယ်  "

" အပိုတွေမပြောနဲ့ ဖယ်ဆိုဖယ်ပေး "

နီနီ ဆက်မပြောတော့ဘဲ အခြားတစ်ဖက်ဆီ ရှောင်လိုက်သည့်အခါ သန့်ဇင်ဦးကပါ ထိုဘက်မှလိုက်ပိတ်လာ၏။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Место, где живут истории. Откройте их для себя