အပိုင်း - ၃၀

2K 118 9
                                    

အပြန်အလှန်ချစ်သူဖြစ်ခဲ့ကြပြီးသည့် လူးကပ်စ်မွေးနေ့ပြီး နောက်တစ်နေ့နံနက်၌ ဓမ္မရံကြီးဘုရားတွင် သူတို့ဆုံဖြစ်ခဲ့ကြ၏။

တနင်္လာနေ့ဖြစ်၍ ကျောင်းတက်ရမည့်ထက်နောင်က ပုဆိုးနီညိုကို စတစ်ကော်လာလက်ရှည်အဖြူလေးနှင့် သန့်နေသလို လူးကပ်စ်ကလည်း ကြက်သွေးရောင် စတိုင်ပန့်ဘောင်းဘီအရှည်အပွကို တီရှပ်အဖြူလေးနှင့်တွဲဝတ်ထား၍ မတိုင်ပင်ထားမိပါဘဲ နှစ်ယောက်ကဆင်တူဖြစ်နေလျှက်။

" ကျွန်တော် တို့ ညှိဝတ် ထားကြ သလို ပဲနော် "

" ဟုတ်ပါ့ကွာ "

လူးကပ်စ်စကားကို ထက်နောင်ကခေါင်းညိတ် ထောက်ခံလိုက်ကာ ရယ်သံစွက်လျှက်စကားဆိုလာရင်း ဘုရားထဲအတူဝင်ကာ ဝတ်ပြုလိုက်ကြ၏။

ပူဇော်ကြည်ညိုနေရင်းမှ ငယ်ကတည်းက ကြားဖူးခဲ့သည့် ဓမ္မရံကြီးအကြောင်းများက တရိပ်ရိပ်ပေါ်လာသည်မှာ ပိတ်ကားထက်၌ ကြည့်နေရသည့်အလား။

ထုမှာ ဓမ္မရံ၊ ဉာဏ်မှာ သဗ္ဗညု၊ အနုမှာ အာနန္ဒာ ဆိုသည့်အတိုင်း ဓမ္မရံကြီးဘုရား၏ ထုထည်ကား အခြားစေတီပုထိုးများထက် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ပိုမိုကြီးမားလှသည်မှာအမှန်။

ထို့ပြင် အုတ်စီစနစ်၊ အတွင်းပိုင်းအလင်းအမှောင်ယူပုံ၊ လေဝင်လေထွက်အတွက်ပြင်ဆင်ထားသည့်နည်းစနစ် စသည်တို့မှာ ယနေ့ခေတ်အထိ အံ့ချီးမကုန်၊ အတုယူရဆဲပင်။

သို့သော် လက်ဆင့်ကမ်းရာဇဝင်ထဲမှ ကုသိုလ်ရှင် နရသူမင်း၏အကြောင်းကား အကျည်းတန်လှ၏။

ယခုကဲ့သို့ ထုထည်ကြီးသောစေတီပုထိုးများ ထပ်မရှိစေရန် တည်ဆောက်ခဲ့သော ပန်းရံပညာရှင်များကို အကြောင်းမရှိ အကြောင်းရှာကာ သတ်ပစ်ခဲ့သည်ဟူသော နရသူ

ဓမ္မရံကြီးမှာပင် ခမည်းတော်ကို ခေါင်းအုံးဖြင့်ဖိသတ်ကာ လုပ်ကြံခဲ့သူ နရသူ

နောင်တော်မင်းရှင်စောကို အဆိပ်ခတ်သတ်ခဲ့သူ နရသူ စသည်စသည်...

" အပြင် ဘက်ကို သွားရ အောင်လေ အစ်ကို "

ထက်နောင်တစ်ယောက် အတွေးလွန်နေမိသည်မှာ လူးကပ်စ်စကားသံကြားမှ သတိဝင်မိသည်အထိ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now