အပိုင်း - ၃၄

1.7K 110 3
                                    

သီတင်းကျွတ်လပြည့်ရန် နီးကပ်လာပြီဖြစ်ရာ ယနေ့ ထက်နောင်တို့အိမ်၌ ရာသီစာဖြစ်သည့် မုန့်ဖက်ထုပ်လုပ်စားကြမည်ဖြစ်သည်။

ကောက်ညှင်းထုပ်၊ မုန့်ဖက်ထုပ်၊ မုန့်ဆန်း စသည့် မြန်မာမုန့်များကို အိမ်တွင်အားလျှင်အားသလို အမျိုးမျိုးလုပ်စားဖြစ်ကြသော်လည်း ယခုကာလ၌စားရသည့် မုန့်ဖက်ထုပ်က လုံးဝမတူ။

ရာသီစာဖြစ်၍လားမသိ။
ပိုချို၍ ပိုလည်းစားကောင်းသလိုပင်။

ထက်နောင်က မုန့်ဖက်ထုပ်ကို အလွန်ကြိုက်သည့်အထဲမပါသော်လည်း ယခုအချိန်မျိုး၌ အိမ်လုပ်မုန့်ဖက်ထုပ်များကိုမူ နှစ်သက်စွာစားဖြစ်၏။

မုန့်ဖက်ထုပ်လုပ်သည်ကလည်း လွယ်သည်တော့မဟုတ်။

ယခင်ရက်ကြိုကတည်းက ကောက်ညှင်းဆန်ကို အမှုန့်ကြိတ်စက်ရှိသည့်နေရာတွင်သွားအပ်ထားရ၏။

ရလာသည့်အမှုန့်ကိုလည်း တစ်နေ့နေပြပြီး မုန့်လုပ်မည့်အချိန်တွင်မှ ပျော့ပျောင်းစေရန် ရေအနည်းငယ်နှင့် နှယ်ရခြင်းပင်။

ယခုနောက်ပိုင်း၌ အသင့်သုံးကောက်ညှင်းမှုန့်များ ပေါ်နေသော်လည်း ပေါပေါများများလုပ်ချင်သူများကမူ သမားရိုးကျအတိုင်း အမှုန့်ကြိတ်စက်တွင် ကိုယ့်ဆန်ကိုယ်ကြိတ်နေကြဆဲ။

မုန့်ဖက်ထုပ်ထုပ်ရန် ကောက်ညှင်းမှုန့်ကြိတ်ပြီးရုံနှင့်မပြီး။

မရှိမဖြစ်လိုအပ်သော ငှက်ပျောရွက်ဖက်အစိမ်းကိုလည်း အနည်းငယ်ညှိုး‌ကျသွားပြီး မုန့်ထုပ်နိုင်သည့်အနေအထားအထိ ပျော့ပျောင်းစေရန် နေလှန်းရပြန်သည်။

တစ်ချို့ကလည်း အလွယ်နည်းဖြင့် ဖက်အစိမ်းကို မီးကင်ကြသည်။

မဟုတ်ပါက ဖက်အစိမ်းက ကြွပ်ဆတ်ဆိတ်နိုင်၍ ပြဲထွက်သွားတတ်ခြင်းကြောင့်ပင်။

သူတို့က အုန်းစာနှင့်လုပ်မည်ဖြစ်ရာ အုန်းသီးကိုခြစ်ကာ အုန်းသီးနှင့်သကြားကို အစာကျိုရသေးသည်သာ။

ယခုက သူတို့အိမ်၌ ကောက်ညှင်းမုန့်ကြိတ်ပြီးသည့်အပြင် တစ်နေပြပြီးသားဖက်များကလည်း အသင့်အနေအထား။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now