အပိုင်း - ၄၁

483 12 0
                                    


မနက်ခင်းက အခါတိုင်းနှင့်ထူးမခြားနား။

ရောင်နီမတက်မီ နိုးသည်။
စံကားဝါရနံ့ကို ဦးစွာရသည်။
လေပြည်နွေးနွေးကို ခံစားမိသည်။

အိပ်ရာသိမ်းပြီး ကိုယ်လက်သန့်စင်ကာ တောင်ကလပ်ဆီ သားအမိနှစ်ဦး ခပ်သွက်သွက်ထွက်ခွာကြရ၏။

ထို့နောက် တောင်ကလပ်မှဆိုင်လေး၌ အတူတူဈေးခင်းကြ၏။

အရာရာသည် ယခင်နေ့များအတိုင်း လည်ပတ်နေဆဲ။

မတူသည်က သူတို့သားအမိနှစ်ဦး၏ဆက်ဆံရေး။

ယခင်က တက်တက်ကြွကြွနှင့် တောင်ကလပ်ဆီသွားသည့်ခြေလှမ်းတို့က ယနေ့မှ ထိုင်းထိုင်းမှိုင်းမှိုင်း။

စကားပြောသံတို့ဖြင့် အစဉ်ညံနေတတ်သည့် ဆိုင်ကလေးကလည်း ထူးဆန်းစွာပင်တိတ်ဆိတ်လျှက်။

သားအမိနှစ်ဦးသား မနက်စောစောဈေးခင်းပြီးသည်အထိ စကားတစ်ခွန်းမှမပြောဖြစ်ကြ။

ဆိုင်ခင်းပေးပြီးနောက် ထက်နောင် ဦးကြီးဟန်တို့ဆိုင်မှ လက်ဖက်ထမင်းသွားဝယ်ကာ ဆိုင်ထဲမှာပင်ဝင်စားလိုက်သည်။

နေရခက်သည့်အနေအထားမှ ခဏတာအချိန်ဖြစ်ဖြစ် လွတ်မြောက်ခွင့်ရရန် ရည်ရွယ်မိခြင်းသာ။

ပါဆယ်သာဆွဲနေကျဖြစ်၍ ဦးကြီးဟန်တို့က ထူးဆန်းနေဟန်ဖြင့် ကြည့်လာကြသော်လည်း မေးတော့မမေး။

အပြန်၌ အမေနှင့် အငယ်မအတွက် ပါဆယ်ထုပ်ခဲ့ရန်ကိုလည်း မမေ့ခဲ့။

ဆိုင်ပြန်ရောက်သည့်အခါ သူဝယ်လာသည့်အထုပ်ကို တစ်ချက်ပင်လှမ်းကြည့်မလာသည့် ဒေါ်ပန်းရုံက ဘာသိဘာသာပင်။

ထက်နောင်လည်း ခုံလေးကိုယူကာ အမေနှင့် မလှမ်းမကမ်းတွင် ထိုင်နေလိုက်သည်။

တစ်ယောက်တစ်နေရာစီထိုင်ကာ ငြိမ်သက်နေမိကြရင်း ခဏအကြာ နီနီရောက်လာမှ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ထရပ်လိုက်သူက ထက်နောင်။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now