အပိုင်း(၈၆)

4.5K 873 36
                                    

『Unicode』

《ခင်ဗျား ဘယ်သွားချင်လဲ》

မနက်ခင်း နေရောင်ခြည်အလင်းတန်းက ပါးလွှာသော လိုက်ကာများကြားမှ အခန်းထဲသို့ ဖြတ်သန်း‌ကျရောက်နေသည် ။

ခုတင်ပေါ်ရှိလူသည် အလင်းရောင်ကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့သည် ။ သူ၏ငြိမ်သက်စွာ မှေးစက်နေသော မျက်တောင်များက အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ထိုလူက မျက်မှောင်ကြုတ်လိုက်လေ၏ ။ သူသည် အခုထိ မနိုးသေးသော်လည်း ယခင်ကလောက် အိပ်ပျော်နေသည်တော့လည်း မဟုတ်တော့ချေ ။

သူသည် မနေ့ညက နောက်ကျမှ အိပ်ရာဝင်ခဲ့သော်လည်း တစ်ဖက်ရှိ စုန့်ချင်းလန်သည်တော့ မနက်စောစောထသည့်အကျင့်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့သည် ။ စုန့်ချင်းလန်သည် အိပ်ရာပေါ်မှ အသာထကာ သူ့ခေါင်းအုံးကို နေရာတကျ ပြန်စီလိုက်ရင်း မနေ့ညက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သော ခေါင်းအုံးကိုပါ ကောက်ယူလိုက်ပြီး ကျစ်ယွီရှီ မျက်နှာပေါ် ကျရောက်နေသော အလင်းရောင်ကို ကာကွယ်ရန် ခေါင်းအုံးကို အလားတူ ထပ်ကာလိုက်‌၏ ။ နောက်ထပ် ၁၀မိနစ်လောက်ကြာလျှင်တော့ အနှီအလင်းတန်းမှာ အိပ်ရာဘေးရှိနံရံပေါ်သို့ ရွှေ့သွားမည်ဖြစ်ပြီး သူ့အား ထပ်မံနှောင့်ယှက်တော့မည်မဟုတ်ချေ ။

ကျစ်ယွီရှီသည် ကောင်းကောင်းအိပ်မပျော်သော်လည်း အလင်းပိတ်ကန့်လန့်ကာများကို အသုံးမပြုခဲ့ ။ ဤသည်က စိတ်လုံခြုံမှုမရှိသော လက္ခဏာပင် ။ သူတစ်ယောက်တည်း နေထိုင်ခဲ့သောအချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် အမှောင်ထဲတွင် မအိပ်နိုင်သော လူတစ်ယောက်အတွက် အမှောင်ထဲတွင် နိုးထလာရမည်ကို ပို၍ပင် မနှစ်သက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည် ။

စုန့်ချင်းလန်သည် အိပ်ခန်းထဲမှ တိတ်တဆိတ်ထွက်လာလိုက်ပြီး သူ့နောက်ရှိ တံခါးကို ပိတ်လိုက်၏ ။ ဧည့်ခန်းထဲရှိ ကြောင်သုံးကောင်က အလျင်အမြန် ထွက်ပြေးသွားတော့သည် ။ သူတို့သည် ပုန်းနေကျနေရာများတွင် ပုန်းကွယ်ကာ ဤအပြင်လူစိမ်းကို စောင့်ကြည့်နေကြသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now