အခန်း ၆၉၀ ဆေးလုံးဖွဲ့တည်ခြင်း

2.8K 569 21
                                    

Chapter 690: Pill Forming


တစ္ဆေသချိုင်းတောင်တန်းဒေသမှ ရာသီဥတုမှာလည်း အခုတလော မုန်တိုင်းထန်နေသည်ဟုတောင် ပြောလို့ရသည်။ အရိုးဖြူမြို့ရှိ နေထိုင်သူများတောင်မှ ဒီလောက်ထိ ကြီးမားလှသော မိုးကြိုးတိမ်တောင်များကို တစ်ခါမျှ မမြင်ဘူးကြပေ။ သူတို့၏ မြို့ဆီမှတောင်မှ တဂျိန်းဂျိန်း မိုးကြိုးသံတွေ ကြားနေရသည်။ တစ္ဆေသချိုင်းတောင်တန်း၏ ကောင်းကင်တစ်ခွင်လုံးကိုတောင်မှ မှုန်မှိုင်းနေသည့် တိမ်တွေက ဖုံးကွယ်ထားလုနီးနီးပင်။ ဒီလို မြင်ကွင်းကို မြင်လိုက်ရသူတိုင်း တအံ့တသြကြီး ငေးမောရကုန်သည်။

ကောင်းကင်ထက်မှ မိုးကြိုးတွေ ဆက်တိုက်ကျနေသလို တစ်ချီတစ်ချီမှာလည်း မြေပြင်ကြီးတောင် သိမ့်ခနဲ သိမ့်ခနဲတောင် တုန်တက်သွားရသည်။ အရိုးဖြူမြို့ခံတွေတောင်မှ အိမ်တွေထဲကနေ ထွက်ကာ လမ်းမကြီးမှာပဲ လည်တိုင်တွေ ရှည်လို့ မိုးကြိုးတိမ်တိုက်တွေကို ငေးမောနေကြသည်။ ဒီလို အခြေအနေကို မြင်ဖူးကြသူများကတော့ ဒီလိုတိမ်တိုက်မျိုးဆိုသည်မှာ တစ်စုံတစ်ယောက်က ဆေးလုံးဖော်စပ်ခြင်းကြောင့် ဖြစ်တည်မှန်း သိသော်လည်း ဒီလောက်ထိ ကြီးလွန်းတာကိုတော့ အထူးအဆန်း ဖြစ်နေကြသည်။

တစ္ဆေသချိုင်းတောင်တန်းကြီး၏ အပေါ်မှ မိုးကြိုးတိမ်တိုက်ကြီးမှာ သူတို့ မြင်ဖူးသည့် တိမ်တိုက်များထက် ဆယ်ဆနီးပါး ပိုကြီးကာ အောက်ကို ကျဆင်းလာသည့် မိုးကြိုးများမှာလည်း နှစ်ဆ ကြီးမားသေးသည်။ အားပြင်းလွန်း၍ ဟိုးအဝေးကြီးမှတောင် အရှိန်သဲ့သဲ့ကို ခံစားနိုင်သည်။

ဘယ်လို ဆေးလုံးမျိုးမို့လို့ ဒီလောက် တိမ်တိုက်ကြီး ဖြစ်ရတာလဲ???

ဒီအတွေးက ကြည့်နေသမျှ လူတိုင်းဆီတွင် ရှိကြသည်။

သို့သော်လည်း ဆေးလုံးဖော်စပ်တယ် ဆိုမှတော့ တစ္ဆေသချိုင်းတောင်တန်းကြီးမှ နန်းတော်ကြီးတွင် နေထိုင်သော တစ်ယောက်သော သူကိုသာ ပြေးမြင်မိကြသည်။ ထိုနန်းတော်ကြီးတွင် ထိပ်တန်းမှော်ဆရာတစ်ဦး နေထိုင်သည် ဆိုသည့် သတင်းမှာလဲ ပျံ့နှံ့ခြင်းက မနည်းလှ။ ထို မှော်ဆရာ၏ နာမည်မှာ ယူရှောင်းမို ဟု ခေါ်ပြီး မှော်ဆရာစုဝေးပွဲ၏ စွမ်းဆောင်မှုအရှိဆုံး မှော်ဆရာလည်း ဖြစ်ပြန်သည်။ ထိုနေ့က ပြိုင်ပွဲကို ကြည့်ကြသူမှာ မနည်းပေ။ ဒဿမ နေရာသာ ရပေမယ့် ပွဲစဉ်တစ်လျောက်လုံး၏ ကောက်ကျစ်ကွေ့ဝိုက်သော လုပ်ရပ်များမှာလဲ တောမီးအသွင် တုံကျိုးသို့တောင်မှ ပျံ့နှံ့နေတာဆိုတော့ ရှီကျင်းဆို စကားထဲ ထည့်နေရာကို မလိုပေ။

The Legendary Master's Wife (MM 663 ~ 731)Where stories live. Discover now