22.အောင်နိုင်သူ

366 67 13
                                    

ဒီနေ့လည်းဆောနူး ခမည်းတော်ဆီ သွားရဦးမှာမို့ အိပ်မပျော်နိုင်သေးဘဲ ခေါင်းလောင်းမြည်လာမယ့်အချိန်ကိုမျှော်နေမိသည်။

မနေ့ကအချိန်လောက်မှာပဲ ခေါင်းလောင်းမြည်လာတာနဲ့ ဆောနူးချက်ချင်းပင် ဆေးဆိုင်ဆီကိုသွားတဲ့လျှို့ဝှက်လမ်းလေးထဲဝင်လာခဲ့လိုက်သည်။

ဒုတိယအကြိမ်မြောက်ဘုရင့်နန်းဆောင်ကိုခြေချမိတဲ့အချိန်မှာလည်း နန်းတွင်းသူအထိန်းတော်များအားလုံးမရှိကြဘဲ  နန်းဆောင်ကြီးမှာ တိတ်ဆိတ်စွာအထီးကျန်နေသည်။

သို့သော်မနေ့ကနဲ့မတူတာက ခမည်းတော်ကသလွန်ပေါ် မှာ ထိုင်ကာ ဆောနူးအလာကိုစောင့်နေပုံရသည်။
မနေ့ကတော့အိပ်ပျော်နေတာမို့ အဆင်ပြေပေမယ့် ဒီနေ့တော့ ပထမဆုံးအကြိမ်အဖြစ် ခမည်းတော်နိုးနေချိန်တွင် ခမည်းတော်အနီးကိုနီးနီးကပ်ကပ်သွားရတာမို့ ခြေတွေလက်တွေတုန်ယင်ကာ အသက်ကိုရဲရဲမရှူရဲပေ။

" မောင်မင်းမနေ့ကပေးတဲ့ဆေးကြောင့် ဒီနေ့ နေရထိုင်ရတာ နည်းနည်းပိုသက်သာလာတယ်။
အထိန်းတော်ကြီးက နတ်ဆေးသမားတော်လို့ပြောလို့ အသက်ကြီးမယ်ထင်နေခဲ့ပေမယ့် ငယ်ရွယ်တဲ့သမားတော်လေးဖြစ်နေတာအံ့သြစရာပါပဲ "

ခမည်းတော်ရဲ့ချီးကျူးစကားကြောင့် မျက်ရည်ကျမလာအောင်ကြိုးစားထိန်းရင်း ခေါင်းကိုငုံ့ထားမိသည်။

" ဆရာကောင်းသမားကောင်းနဲ့တွေ့ခွင့်ရခဲ့လို့သာ ကုသနိုင်ခြင်းဖြစ်တာမို့ နတ်ဆေးသမားတော်ဆိုတာကတော့ ချီးကျူးလွန်းနေပါပြီ ခ... အရှင်မင်းကြီး "

ဆောနူးစကားကြောင့် ခမည်းတော်က သဘောကျစွာရယ်မောလေသည်။

" လူငယ်လေးက နှိမ့်ချတတ်တာပဲ။
ကဲ ဒီနေ့အတွက်စမ်းသပ်မှုစတင်လုပ်နိုင်ပါပြီ"

ဆောနူးလည်း ခမည်းတော်ကိုသွေးကြောစမ်းခြင်း အပ်စိုက်ခြင်းနှင့် စားသုံးသင့်သောအစားအစာများ ရှောင်သင့်သောအစားအစာများအကြောင်း သေချာစွာရှင်းပြရလေသည်။

" ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးရပါမယ် အရှင်မင်းကြီး။
ခန္ဓာကိုယ်ပင်ပန်းလာတဲ့အထိအပြင်းအထန်လှုပ်ရှားတာမျိုးမဟုတ်ဘဲ နန်းတော်အတွင်းသွားလာတဲ့အခါ ဝေါယာဥ်နဲ့သွားမယ့်အစား သွေးလေလည်ပတ်မှုကောင်းမွန်အောင် ဖြည်းဖြည်းချင်း လမ်းလျှောက်ပေးတာမျိုး လုပ်ပေးရမယ်။
စိတ်ဖိစီးစေမယ့် နိုင်ငံအရေးကိစ္စတွေကို အရှင်မင်းကြီးသက်သာလာတဲ့အထိ အိမ်ရှေ့စံကိုပဲစီမံစေပြီး စိတ်ပူပန်စေတဲ့အရာတွေမတွေးဖြစ်အောင်နေရင်း ကောင်းကောင်းအနားယူသင့်ကြောင်းပါ။
အရှင်မင်းကြီးက သာမန်ဖခင်တစ်ဦးမဟုတ်ဘဲ နိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တာကြောင့် သားသမီးတွေသာမက ပြည်သူပြည်သားတွေအတွက်ပူပန်စိတ်အမြဲရှိနေတာသဘာဝပါပဲ။
ဒါပေမယ့် အခု မစိုးရိမ်ရင်လည်းရနေပြီမို့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာက မိသားစုကိုရော တိုင်းပြည်ကိုရော ကာကွယ်ရာရောက်ပါတယ်အရှင်မင်းကြီး "

Majestic Love Story In Dae Goguyeo حيث تعيش القصص. اكتشف الآن