36. Give me a small chance

4.1K 311 113
                                    

( Unicode)

Now
2023 ၊ Jan 12

" Happy Birthday Your Highness "

ခပ်တိုးတိုး ဆိုလာသည့် ဆုတောင်းစကားတစ်ခွန်းသည် နှစ်ဦးကြားက လေထုကိုဖြတ်ပြီး နားစည်ကို လာရိုက်ခတ်သည့်အခါ ဘုဏ်းဇေ တစ်ကိုယ်လုံး တောင့်တင်းသွားသည် ။ ရင်ထဲမှာတော့ တည်ငြိမ်နေသော ကန်ရေပြင်ကို ခဲလုံးနှင့် ပေါက်လိုက်သလို လှိုင်းဂယက်များစွာ လှုပ်ခတ်ကုန်၏။

သူ့ရှေ့မှာ ခန္ဓာကိုယ်ကို လေးကိုင်းသဏ္ဍာန် ကွေးညွှတ်ပြီး အရိုအသေပေးနေသည့် တစ်စုံတယောက် ။ နားနှင့်ဆတ်ဆတ်ကြားလိုက်ရသောအသံကို မယုံနိုင်။ မျက်စိနှင့် တည့်တည့်မြင်နေရသည့် ပုံရိပ်က အိပ်မက်ထဲမှာလိုပင် ။ သူ ထင်ယောင်ထင်မှားတွေ ဖြစ်နေပြန်ပြီလား ။

ကျောခိုင်းပြီး မျက်လုံးအစုံကို မှိတ်ထားမိသည် ။ မိုးလင်းတိုင်း မျက်ရည်တွေစွန်းထင်းကျန်ခဲ့ရသည့် အိပ်မက်တွေဆီ နောက်ထပ်မရောက်ဖို့ နည်းလမ်းရှာတွေ့ချင်သည် ။ သည်နှစ်တွေမှာ အရာအားလုံး အဆင်ပြေအောင် ကြိုးစားပြီးနေနိုင်ခဲ့ပေမဲ့ နှလုံးသားမှာ စွဲကျန်နေသည့် ဝေဒနာကိုတော့ ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါ ။အတိတ်တွေကို လွှတ်ချဖို့ ကြိုးစားတိုင်းလည်း သူ့ကိုယ်သူ ဘဝထဲက လွတ်ကျသွားသလို ခံစားရတာက ဝဋ်နာကံနာတစ်မျိုး ထင်ပါရဲ့ ။

" ကျနော်မျိုး ခါးကိုင်းထားရတာ ညောင်းနေပါပြီ ၊ ခေါင်းပြန်မော့ခိုင်းပါတော့ မင်းသားလေး "

ပိတ်ထားသည့် မျက်ဝန်းတွေကို ရုတ်ချည်း ပြန်ဖွင့်မိသည်။ ဂီတာကြိုးတွေပေါ် ခပ်တင်းတင်း ဖိဆုပ်ထားမိသော လက်ဖဝါးဆီမှ နာကျင်မှုက ဦးနှောက်ထဲက နာ့ဗ်ကြောလေးများကို လှုံ့ဆော်ပြီး အသိစိတ်ကို ပြန်ခေါ်လာပေး၏ ။ ဘုဏ်းဇေ အခု အိပ်မက် မက်နေတာ မဟုတ်ပါ ။

" မင်းသားလေး "

လွန်ခဲ့သည့် အနှစ်နှစ်ဆယ် ။
သူ့အသက် ရှစ်နှစ်မှာ ထိုစကားတစ်ခွန်းနှင့် သူ့ဘဝထဲကို ဝင်ရောက်လာပြီး ပြုံးစေခဲ့သူ ။ အချိန်နှင့်အမျှ သူ့စိတ်ကို စိုးမိုးမင်းမူနိုင်ခဲ့သူ ။ အချစ်ဆိုသည့်အရာ၏ ချိုမြိန်မှုနှင့် ခါးသီးမှုတို့ကို လက်တွေ့သင်ကြားပြပေးခဲ့သူဖြစ်ပြီး သူ့ရင်ကို အစိမ်းလိုက် ခွဲထွက်သွားခဲ့သည့် တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

Forget-Me-Nots  { Completed }Where stories live. Discover now