29. Be my forever

3.6K 223 22
                                    

( Unicode )

မိုးရွာထားသော်လည်း ကတ္တရာအပြည့် ခင်းထားသဖြင့် တောင်တက်လမ်းက ချော်ခြင်းပြုခြင်းမရှိ။ လမ်းတစ်လျှောက်လုံး ထွန်းထားသည့် မီးရောင်အောက်မှာ သစ်ရွက်သစ်ခက်တို့က မိုးရေကြောင့် စိမ်းမြစိုလက်နေသည်။ တောင်ပေါ် မရောက်ခင်ကတည်းက မီးအလင်းရောင်အပြည့်ဖြင့် နွေရာသီစံအိမ်ကို လှမ်းမြင်ရ၏။ ကားပေါ်က ဆင်းတော့ သူတို့ခေါင်းပေါ်ကနေ သိမ်းငှက်တစ်ကောင် လေဟုန်စီးပြီး ဝဲပျံသွားတာ တွေ့ရသည်။

အခုတစ်ခေါက်နှင့်ဆို ရှင်းသန့် နွေရာသီစံအိမ်ကိုရောက်တာ စတုတ္ထအကြိမ်။ ဘုဏ်းဇေနှင့် နှစ်ယောက်တည်း ညဘက်ကြီး ထလာဖူးတာတော့ ဒါပထမဆုံးပင်။ မီးတွေထွန်းပြီး တံခါးပါအဆင်သင့် ဖွင့်ထားသော်လည်း အမှုထမ်းတစ်ယောက်တစ်လေ၏ အရိပ်အယောင်ကို မတွေ့ရ ။

" ဒီမှာ ဘယ်သူမှမရှိဘူး ရှင်း ၊ ခွင့်တစ်ရက်ပေးပြီး အပြင်သွားခိုင်းလိုက်တာ ၊ မနက်ဖြန်ညနေမှ ပြန်လာကြလိမ့်မယ် "

ရှင်းသန့် လှည့်ကြည့်တာနှင့် ဘာပြောချင်မှန်း ဘုဏ်းဇေ တန်းသိ၍ မမေးခင်ကတည်းက ကြိုဖြေလိုက်ခြင်းပင်။

" ဒါဆို ဒီရဲတိုက်ကြီးထဲ ငါတို့နှစ်ယောက်တည်းပေါ့ ၊ ပတ်ပတ်လည်ကလဲ တောကြီး "

" ကြောက်လို့လား "

" အွန်း ...နည်းနည်း "

ကျောချမ်းသလို ပုခုံးတွန့်ပြသည် ။ တကယ်ကြောက်ပုံတော့ မပေါ်ပါ ။

" ကြောက်ရင် မောင့်ရင်ခွင်ထဲ ဝင်နေလေ "

" ဟမ့် ....အဲဒါက ပိုကြောက်စရာကောင်းတယ် "

" ဟားဟား "

သူ့ကို ပေစောင်းစောင်းကြည့်ပြီး ရှေ့ကအရင်သွားကာ တံခါးဝအရောက် စားပွဲတစ်လုံးပေါ်မှာ အဆင်သင့်ပြင်ထားသော မွေးနေ့ကိတ်ကိုမြင်တော့ နောက်လှည့်ကြည့်သည့် မျက်နှာက ဝင်းပနေ၏။

" အဟေး.... ကိတ်လေး "

မွေးနေ့ပွဲ လုပ်ရတာမကြိုက်ဘူးဆိုပြီး မွေးနေ့ကိတ်ကျ ကြိုက်သည်။ အချိုကြိုက်တာကြောင့်လည်း ပါမည်။ ကိတ်ဆီ ပြေးသွားပုံက အသက်နှစ်ဆယ်မဟုတ်ဘဲ နှစ်နှစ်သားလေးနှင့်တူ၏ ။ မိုးပြာရောင်စပို့ရှပ်လက်တိုလေးနှင့် အနက်ရောင်ဘောင်းဘီတိုလေး ဝတ်ထားသဖြင့် ရှင်းသန့်တည်က အလယ်တန်းကျောင်းသားလေးပုံ ပေါက်နေသည် ။ ဘာဆီမှ လိမ်းမထား၍ လှုပ်ရှားလိုက်တိုင်း ဆံပင်အကောက်လေးများကလည်း ရမ်းခါနေ၏။ အခန်းထဲမှာစီးသည့် ညှပ်ဖိနပ်အပါးလေးကို မလဲဘဲ သည်တိုင်းပြေးလာပုံကို ကြည့်ခြင်းအားဖြင့် သူ့ကို ဘယ်လောက်မျှော်နေလဲဆိုတာ မေးကြည့်စရာပင်မလို ။

Forget-Me-Nots  { Completed }Where stories live. Discover now