44. The Love of My Life

5.5K 325 55
                                    

( Uni )

Shere ဆိုသည့်ရွာကိုရောက်ဖို့ Londonကနေ မိနစ်ငါးဆယ်ခန့် ကားစီးကြရသည် ။ ရှင်းသန့်တို့နှစ်ယောက်နှင့်အတူ မြတ်မှူးခင်လည်းပါ၏ ။ လမ်းမှာ ငယ်ငယ်တုန်းက ဘုဏ်းဇေ မျက်မှောင်ကြုတ်ကြည့်တာကို မြတ်မှူးက ဟာသလုပ်ပြီး ပြန်ပြောသေးသည် ။ အရင်က သဘောမပေါက်ခဲ့ပေမဲ့ အခုတော့  ထိုအကြည့်ရဲ့ အဓိပ္ပာယ်ကို နားလည်ပြီတဲ့ ။ ဘုဏ်းဇေကလည်း မြတ်မှူးကို တရင်းတနှီး ရှိပါသည် ။

မြတ်မှူးနှင့် ပြန်ဆုံပြီး သူငယ်ချင်းတွေအဖြစ် ရင်းနှီးသွားရတာလည်း ရှင်းသန့်အတွက်တော့ ဘုရားပေးသည့် လက်ဆောင်ပင် ။ သူနှင့်ဘုဏ်းဇေအကြောင်း မြတ်မှူးကို ရင်ဖွင့်ပြီးကတည်းက မြတ်မှူးက ဘုဏ်းဇေဆီ ပြန်သွားဖို့ သူ့ကို ထိပ်ဆုံးက တွန်းအားပေးသူဆိုလည်း မမှား ။ နောက်ပြီး အိုင်ဗီ ။

အိုင်ဗီ့၏ တိုက်တွန်းမှုနှင့် တောင်းဆိုမှုတို့က ဘုဏ်းဇေအနား ပြန်သွားဖို့ တွန့်ဆုတ်နေခဲ့သည့် ရှင်းသန့်အတွက် အဓိက တွန်းအားတစ်ခု ဖြစ်ခဲ့သည် ။ တကယ်တော့ အိုင်ဗီက ရှင်းသန့်ကို ဘုဏ်းဇေနှင့် ပတ်သက်ပြီး သိနေခဲ့ခြင်းပင် ။

သူတို့နိုင်ငံနှင့် တော်ဝင်မိသားစုအကြောင်းကို အင်တာနက်ကနေ အိုင်ဗီက အမြဲရှာကြည့်နေခဲ့သူ။ ထိုသို့ ရှာကြည့်ရသည့် အကြောင်းအရင်းက ဘုဏ်းမင်းဆက်၏ သမိုင်းမှတ်တမ်းမှာ ပယ်ဖျောက်ခံထားရသူ၏ ပုံရိပ်တို့နှင့် ပြည့်နေသောနေရာတစ်ခုမှာ မွေးဖွားလာရသူ ဖြစ်နေခြင်းကြောင့် ။

" မင်းသားလေး ... ဒါ မင်းရဲ့ညီမလေ ၊ အိုင်ဗီလို့ ခေါ်တယ် "

အိမ်အကြီးကြီး တစ်လုံးနှင့် ပန်းပင်တွေ ပြည့်နေသည့် ခြံဝင်းကျယ်ကြီးတစ်ခုအတွင်း ကားရပ်လိုက်သည်နှင့်တပြိုင်နက် ရွှေအိုရောင်ဆံနွယ်တွေနှင့် မိန်းကလေးတစ်ယောက်က သူတို့ကို အသင့်စောင့်ကြိုနေခဲ့သည်။ ဘုဏ်းဇေရောက်လာသည့်အတွက် ဆန္ဒအားလုံး ပြည့်သွားသလို ပျော်ရွှင်နေသည့် အမူအရာတို့ဖြင့် ။ ရှင်းသန့် မိတ်ဆက်ပေးသည့်စကားကိုတော့ ဘုဏ်းဇေ နားမလည်ပါ ။ ဘယ်လိုလုပ်ပြီး သည်မျက်ဝန်းပြာပြာ ဆံပင်ဝါဝါနှင့် လူမျိုးမတူသည့် မိန်းကလေးက သူ့ညီမ ဖြစ်ရမှာလဲ ။

Forget-Me-Nots  { Completed }Where stories live. Discover now