14. Wherever you go

4.2K 264 39
                                    

( Unicode )

ကိုယ်တို့နားလည်ထားပြီးသားပါပဲ
တစ်‌ယောက်စိတ်ထဲ
တစ်ယောက်နေရာယူဖို့ဆိုတာ
မှန်ပြတင်းပေါ် အာငွေ့ပေးပြီး
လက်ညှိုးလေးနဲ့ နာမည်ရေးထိုးတာမျိုး
မဟုတ်ဘူးဆိုတာလေ ...

2011၊ May

" ဟက်ပီးလေး ၊ အချစ်ဆိုတာဘာလဲ မင်း သိလား ၊ မင်း သိမှာမဟုတ်ပါဘူး ၊ မင်းသိတာ စားဖို့နဲ့ဆော့ဖို့ ၊ ပြီးတော့ အိပ်ဖို့၊ ဒါပဲ ဟုတ်တယ်မလား "

အခုရက်ပိုင်းအတွင်း အနည်းငယ် မရွှင်မပျဖြစ်နေပြီး မြင်းစီးတာပင် မတွေ့ရသော အိမ်ရှေ့မင်းသားလေးကို သည်မနက်မှာတော့ သူ့စီးတော်မြင်းအား ကိုယ်တိုင် ရေချိုးပေး‌နေသည်ကို မြင်းထိန်းအမှုထမ်းများက ခပ်လှမ်းလှမ်းမှ ရပ်ကြည့်နေကြသည်။ ရေစို၍ အသားနှင့်ကပ်နေပြီဖြစ်သည့် အညိုရောင် ချည်သားဘောင်းဘီအပျော့ကို ဒူးအထိခေါက်တင်ထားကာ ဟက်ပီးလေးကို ရေချိုးပေးခြင်းအမှုအား သွက်လက်စွာ လုပ်ဆောင်နေသော အိမ်ရှေ့စံတစ်ယောက် ပါးစပ်ကဘာတွေ ပြောနေသလဲဆိုတာတော့ သူတို့ မကြားကြရပေ ။ အနက်ရောင်လက်ပြတ်အင်္ကျီဝတ်ထားသဖြင့် ဖုထွက်နေသော လက်မောင်းကြွက်သားများကိုမြင်ပြီး သည်နှစ်ပိုင်းအတွင်း အရပ်လည်း သိသိသာသာ ပိုထွက်လာသော မင်းသားလေးမှာ သူတို့မျက်စိအောက်မှာပင် အရွယ်ရောက်လာပြီ ဖြစ်ကြောင်းကို အချင်းချင်း လက်တို့ပြောဆိုနေကြသည်။

" မသိရင် ငါကပဲ မင်းကို ဒီနန်းတော်ထဲမှာ ပိတ်လှောင်ထားတယ် ထင်ကြဦးမယ် ၊ ဒီမှာရှိတဲ့ မြင်းမတွေကိုလည်း မင်းကမကြိုက် ၊ အဲဒါမို့ မင်းနဲ့အမျိုးအစားတူတာမျိုး ရှာပြီးတွေ့ပေးတော့လဲ အဖက်မလုပ်လို့ ပြန်ပို့ လိုက်ရတယ် ၊ ဟက်ပီးလေး မင်း တကယ် လူပျိုကြီး ၊ မဟုတ်ပါဘူး မြင်းပျိုကြီးပဲ လုပ်တော့မှာလား "

ဘုဏ်းဇေ ဟက်ပီးလေး၏ အနက်ရောင် အမွှေးအမျှင်များကို ရေမွှေးဆပ်ပြာများဖြင့် ပွတ်တိုက်ပေးပြီးနောက် ဘေးမှာချထားသည့် ရေပိုက်ဖြင့် သေချာပြန်ဆေးကြောပေးသည်။ ဟက်ပီးလေးက သူ့အတွက်တော့ မြင်းတစ်ကောင်ဆိုတာထက် ပိုသည်ဟု ပြောရမည်။ ငယ်စဥ်ကတည်းက သူပြောသမျှကို နားထောင်ပေးပြီး သူ့စိတ်ကြိုက်ပြုမူသမျှ အတွန့်မတက်ဘဲ နာခံတတ်သည့် တစ်ဦးတည်းသော သက်ရှိလေးဆိုလည်း မမှား ။ ဘယ်သူ့ကိုမျှ ထုတ်မပြောခဲ့သော သူ့ရင်ထဲက စကားများပင် ဟက်ပီးလေးကတော့ ကြားခွင့်ရခဲ့သူ။ တစ်ခါတရံ ဟက်ပီးလေးသာ လူစကားပြောတတ်မည်ဆိုလျှင် သူ့စကားတွေကို ဘယ်လိုများ တုံ့ပြန်လေမလဲဟုပင် သိချင်မိသည်။ သူ့အထင်တော့ ဟက်ပီးလေးက သူ့အပေါ်ကိုနားအလည်နိုင်ဆုံးပဲ ဖြစ်လိမ့်မည်။

Forget-Me-Nots  { Completed }Where stories live. Discover now