10. Christmas with you

4.9K 278 20
                                    

( Unicode)

♪ တိတ်ဆိတ်ည သန်းခေါင်ယံထဲမှာ
လောကအတွက် သူကြွဆင်းလာ
လူတွေရယ် အပြစ်လွတ်ဖို့ပါ
သိမ်ငယ်စွာ လူသားမွေးဖွားလာ
ဆောင်းညလေးဟာ အဖိုးတန်သွား ♪

ချစ်ခြင်းမေတ္တာဟူသည် ခရစ်စမတ်အချိန်အခါမှာ ကြားရသော ရေဒီယိုသဝဏ်လွှာများမှ ဆုတောင်းစကားများလည်း ဖြစ်နိုင်သည်။ သတိတရရှိမှုကို ပြသသည့် အမှတ်တရလက်ဆောင်များကလည်း စာတိုက်ပုံးအနီရောင်များမှတစ်ဆင့် အိမ်တံခါးဝတွေဆီသို့ ပျော်ရွှင်စွာ တံခါးလာခေါက်နေကြ၏။ အေးမြသော လေထုက ငွေနှင်းမှုံများနှင့်အတူ ဘုရားကျောင်းမှလာသော ခေါင်းလောင်းသံကိုပါ တစ်ခါတည်း ဆောင်ကျဉ်းသွားသည်။ ခရစ်တော်၏ ကျေးဇူးတော်ကို ချီးမွန်းသည့် တေးသီချင်များကလည်း နေရာအနှံ့အပြားမှာ လွင့်ပျံလျက်ရှိ၏ ။

ဘားမားပြည်ထောင်စု၏ တော်ဝင်မိသားစုသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ဘာသာရေးခွဲခြားခြင်း မရှိကြသူများပီပီ တခြားဘာသာဝင်များ၏ အထွဋ်အမြတ်နေ့များတွင် ကျင်းပကြသော အခမ်းအနားများကို တလေးတစား တက်ရောက်ပြီး ပါဝင်ဆင်နွှဲလေ့ရှိကြသည်မှာ ထုံးစံပင်။ ဘုရင်မင်းမြတ်သည် တစ်နှစ်တစ်ခါ ဘာသာရေးခေါင်းဆောင်များအားလုံးနှင့် တွေ့ဆုံပြီး ဘာသာတိုင်းအတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လေ့ရှိသည်။ ထို့ကြောင့်လည်း ဘားမားပြည်သူများက သူတို့နိုင်ငံ၏ ဧကရာဇ်နှင့် တော်ဝင်မိသားစုအား ချစ်ခင်မြတ်နိုးကြခြင်းပင်။

" နီစွေးနဲ့မမက မိန်းကလေးတွေကို ဝေမယ် ၊ မောင်လေးတို့က ယောက်ျားလေးဘက်ခြမ်းကို ဝေလိုက်နော် "

ခရစ်ယာန်အသင်းတော်တစ်ခုမှ ဖွင့်ထားသော မိဘမဲ့ဂေဟာသို့ တော်ဝင်မိသားစုကိုယ်စား အိမ်ရှေ့စံတို့ မောင်နှမတတွေက မွှေးပွအရုပ်များ၊ စာရေးကိရိယာများနှင့် မုန့်ပဲသရေစာများကို ခရစ်စမတ်နေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် လာရောက်ပေးဝေလေ့ရှိကြသည်။ ။ ထို့အပြင် ဘုဏ်းဇေယျာကျော် နှင့် ဘုဏ်းဉာဏကျော်တို့ ညီအစ်ကိုနှစ်ယောက်က ဂီတာတစ်လက်စီဖြင့် ကလေးများနှင့်အတူ ခရစ်စမတ်သီချင်းများ တီးခတ်သီဆိုကြပြီး ဘုဏ်းဒေဝီကျော်က ကလေးများကို ပုံပြင်တစ်ပုဒ် ပြောပြသည်။ ဘုဏ်းလက်ျာကျော်နှင့် ဘုဏ်းကလျာကျော်ဟုခေါ်သော နီစွေးတို့ကမူ ကလေးများကြားဝင်ပြီး သူတို့ကပါ ပွဲကြည့်ပရိတ်သတ်လုပ်ကြ၏ ။ တော်ဝင်မျိုးဆက်များ၏ ချစ်စရာကောင်းသည့် ထိုပုံရိပ်များက တီဗီမှာ ပြသနေသော ခရစ်စမတ်အထူးအစီအစဉ်မှာ ဝေဝေဆာဆာ နေရာယူထားသည်။

Forget-Me-Nots  { Completed }Where stories live. Discover now