( Uni )
အိမ်ရှေ့မင်းသားအဆောင်တော်ဖြစ်သော ဘုံမြနန်းစံအိမ်တစ်ခုလုံး ခါတိုင်းနှင့် မတူဘဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။ ပုံမှန်ဆို မိုးလင်းလျှင် ဧည့်ခန်းမထဲကအစ စင်္ကြံတစ်လျှောက်အဆုံး အမှုထမ်းတို့၏ တက်ကြွနေသည့် ခြေသံတို့နှင့် အသက်ဝင်လျက်ရှိသော်လည်း သည်မနက်တော့ စံအိမ်ထဲရှိ လူအကုန်လုံး တိတ်တဆိတ်သာ လှုပ်ရှားလျက်ရှိကြ၏ ။ အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာစကားမျှလည်း မဆိုနိုင်ကြ ။ ဖွင့်ဟမပြောကြသော်လည်း အိမ်ရှေ့စံနှင့် ပတ်သက်ပြီး ရင်ထဲမှာ ကိုယ်စီ စိုးရိမ်ပူပန်မှုတွေနှင့် ။
ထိုအချိန် စံအိမ်တော်ထဲသို့ ဝင်လာပြီး အရှင်မင်းသား၏ အခန်းတံခါးကို ခေါက်လိုက်သော တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည့်အခါ အသံတိတ်နေသော အမှုထမ်းတို့၏ မျက်နှာပေါ်မှာ ရုတ်ချည်းပင် မျှော်လင့်ချက်ရောင်ခြည်တို့ သန်းကုန်ကြသည် ။ သူတို့လိုပဲ မင်းသားလေးဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပေးမည့် လူတစ်ယောက် ရောက်လာပြီဟူသော ယုံကြည်ချက်ဖြင့် ။
" မောင်လေး "
ဘုဏ်းဇေ ပြန်ရောက်လာကတည်းက မိသားစုဝင် တစ်ယောက်နှင့်မျှ တွေ့ခွင့်မရသေး။ ခမည်းတော်က သူ့ကို စိတ်ဆိုးနေပြီး မယ်မယ်တို့ကလည်း ဘွားဘွားကြီးဘေးမှာ စောင့်နေကြရသည်တဲ့ ။ ဘုဏ်းဇေကိုတော့ လာမတွေ့ဖို့ တားမြစ်ထား၏။ သူ့ကိုမြင်ပြီး ဘွားဘွားကြီး တစ်ခုခုထပ်ဖြစ်မှာစိုး၍ထင်သည် ။ အခု မမဒေဝီက သူ့ဆီ ပထမဆုံး လာတွေ့သူ ။
" ဘွားဘွားကြီး အခြေအနေ ဘယ်လိုလဲ မမ "
" သက်သာပြီ မောင်လေး ...မစိုးရိမ်ရတော့ဘူး "
အခုမှပဲ ရင်ဘတ်ထဲက အလုံးကြီး ကျသွားတော့သည်။ ဒီတစ်ခုပဲ သူ စိတ်ပူတာပါ ။
" ဘာတွေ ဖြစ်ကုန်တာလဲ ၊ မမကို သေချာလေး ပြောပါဦး အငယ်လေးရယ် "
မမက သူ့လက်ကိုဆွဲ၍ ကျွန်းဆက်တီခုံရှည်ပေါ်မှာ အတူထိုင်စေသည်။ မမကို အကဲခတ်ရသ၍တော့ စိတ်ပူနေဟန်သာရှိပြီး သူ့အပေါ် မလိုလားခြင်းမျိုး ၊ စိတ်ဆိုးဒေါသထွက်နေခြင်းမျိုးတော့ မရှိပေ ။ သူ့ဆီ အမြန်ပြေးလာခဲ့သဖြင့် ဖြူဥသည့် မျက်နှာလေးက ပန်းနုရောင် သန်းနေပြီး နားသယ်စပ်မှာ ချွေးစလေးများပင် စို့နေ၏ ။
YOU ARE READING
Forget-Me-Nots { Completed }
General FictionA Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထပ်တဲ့အရွယ်ရောက်ရင် ကိုယ့်အပေါ်ကောင်းတဲ့သူကိုမှ လက်ထပ်တဲ့၊ ငါကြီးရင် မင်းနဲ့လက်ထပ်မယ် " " ငါတို့က ယော...