7. Fairness

4.9K 368 50
                                    

( Unicode)

" ငါကတော့ ကောင်းယံကို အချစ်ဆုံး "

ဖက်ထားသည့် လက်တစ်စုံကြားကနေ ရှင်းသန့် ရုန်းထွက်ပြီး အိမ်‌ရှေ့မင်းသား၏စက်ရာပေါ်မှ တစ်ခါတည်း ဆင်းလိုက်သည်။ ပြတင်းပေါက်က အလင်းရောင်ကို ကြည့်ခြင်းအားဖြင့် နေတော်တော်မြင့်နေပြီဖြစ်ကြောင်းလည်း ခန့်မှန်း၍ရပါသည်။ နံရံပေါ်က တိုင်ကပ်နာရီကတော့ ရှစ်နာရီထိုးပြီးကြောင်း ပြသနေ၏။

မနေ့ညက သူတို့ သည်အခန်းထဲ ပြန်ရောက်သည့်အချိန်၌ ဆယ့်နှစ်နာရီပင် ထိုးလုပြီဖြစ်သော်လည်း နှစ်ယောက်သား ချက်ချင်းမအိပ်ဖြစ်ကြ။ ရောက်တက်ရာရာ စကားများပြောရင်း အိမ်ရှေ့စံ ထုတ်ပြသည့် ဓာတ်ပုံများကို ရှင်းသန့်ကြည့်နေခဲ့သည်။ ရှေးခေတ် နန်းတွင်းအဝတ်အစားပုံစံများနှင့်ဖြစ်ဖြစ် ယခုခေတ်ဝတ်စုံများနှင့်ဖြစ်ဖြစ် အရှင်မင်းသားလေးက လိုက်ဖက်တင့်တယ်မှုရှိကြောင်းကိုတော့ စိတ်ထဲကနေသာ သူ တိတ်တိတ်လေး မှတ်ချက်ပေးခဲ့၏။

ဘုဏ်းဇေယျာကျော်က လေးတန်းလောက်အထိ ပါးစုံဖောင်းဖောင်းလေးနှင့်ဆိုတာကို သူလည်း မျက်မြင်တွေ့ခဲ့ရပါသည် ။ အခုတော့ ဘေးတစောင်းကြည့်လျှင် ထင်းနေသည့် မေးရိုးများဖြင့် မဟာဆန်ပြီး ယောက်ျားပီပီသသ ချောမောလာသည့် မျက်နှာပေါ်မှာ ထိုပါးစုံဖောင်းဖောင်းလေးများ မရှိတော့ပေ။ ရယ်လိုက်တိုင်း ကွေးကွေးလေးဖြစ်သွားသည့် မျက်ဝန်းလေးများနှင့် အသည်းပုံနှုတ်ခမ်းလေးကတော့ ငယ်ငယ်ကအတိုင်းပင်။

" ဘာပြောလိုက်တယ် "

အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်ကာ မျက်ခုံး‌နှစ်ခုကို စုနေအောင်ကြုတ်၍ မေးလာသူ၏ပုံစံက အံတင်းတင်းကြိတ်ပြီး ရှင်းသန့်စကားအပေါ် ကျေနပ်ပုံမရ။

" ငါကတော့ သူငယ်ချင်းတွေအားလုံးထဲမှာ ကောင်းယံကို အချစ်ဆုံးလို့ "

ဘုဏ်းဇေကို နောက်တစ်ကြိမ် ထပ်ပြောပြီး ရေချိုးခန်းဆီသို့ ရှင်းသန့် ခြေဦးလှည့်ခဲ့သည်။ သို့သော်လည်း ကုတင်ပေါ်က အရှင့်သားလေးက သူ့ကို သွားခွင့်မပြုသေး။

" ဘာလို့ မင်းကကျ ကောင်းယံလဲ ၊ အဲလိုဆို ငါ့အပေါ် မတရားရာ မကျဘူးလား "

Forget-Me-Nots  { Completed }Where stories live. Discover now