30. Can't imagine my life without you

3.9K 221 36
                                    

( Unicode)

One step closer ..... ♪♪

Christina Perri၏ A thousand years သီချင်းကို နီစွေးရဲ့အသံချိုရှရှလေးနှင့် ပေါင်းစပ်ပြီး နားထောင်ရသည့်အခါ ဘုဏ်းဇေဆီမှာ ချစ်လှစွာသော တစ်စုံတစ်ယောက်ကို သတိရသည့်စိတ်တို့က နင့်နင့်သည်းသည်း ။ မျက်လုံးတွေမှိတ်ထားပြီး မှတ်ဉာဏ်တွေကို အလုပ်ပေးကြည့်တော့ အဆင့်ဆင့်ပြောင်းလဲလာသော ရှင်းသန့်နှင့်သူ၏ပုံရိပ်များက ပိတ်ကားပေါ်မှာ ပြန်ကြည့်နေရသလို ထင်ဟပ်လာသည်။

နောက်ပြီး ရှင်းသန့်တည်သာ မပါရှိလျှင် သူ့ဘဝက အခွံတစ်ခုသာဖြစ်နေလိမ့်မည်ဟုလည်း ခံစားရသည်။ ရှင်းသန့် မရှိသည့် သူ့ဘဝကို စိတ်ကူးနှင့်ပင် တွေးမကြည့်ချင်ပါ ။

ဘုံမြနန်းစံအိမ်၏ လေသာခန်းထဲကနေ အပြင်ကို လှမ်းကြည့်လျှင် နန်းမြို့ရိုး၏ အပြင်ဘက်အနောက်မြောက်ထောင့်မှာရှိသော  နန်းမြင့်မျှော်စင်ကြီးကို မြင်ရ၏ ။ သေချာပြုပြင်ထိန်းသိမ်းထားသဖြင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ထိုမျှော်စင်ကြီးက တခမ်းတနား ရှိနေဆဲပင် ။ မျှော်စင်၏ ထိပ်ဆုံးကိုရောက်ဖို့ ခရုခွေလှေကားကနေ ခြေလျင်တက်ကြရသည် ။ သို့သော် ရှေးဟောင်းအဆောက်အဦးတစ်ခုဖြစ်၍ ယခုအခါမှာတော့  မျှော်စင်ပေါ်သို့ အများပြည်သူ တက်ခွင့်ကို ပိတ်ပင်ထားသည်။

ဘုဏ်းဇေလည်း ဆယ်နှစ်အရွယ်လောက်ကတစ်ခါ ၊ ဆယ့်ငါးနှစ်အရွယ်ကတစ်ခါ နှစ်ခါသာ ခမည်းတော်နှင့်အတူ မျှော်စင်ပေါ်တက်ဖူးသည်။ တစ်မြို့လုံးကို အပေါ်ကနေ စီးမိုးမြင်ရသည့် နေရာများစွာရှိသော်လည်း နန်းမြင့်မျှော်စင်ပေါ်ကနေ ကြည့်ရသည့်အရသာက သူ့အတွက် တစ်မူထူးခြား၏ ။ သူက သည်နိုင်ငံရဲ့ အိမ်ရှေ့မင်းသားအဖြစ် မွေးဖွားလာရသူမို့လားမသိ ။ နိုင်ငံအပေါ်  တန်ဖိုးထားချစ်မြတ်နိုးစိတ်က တခြားသူတွေထက်ပိုသည်။ ကမ္ဘာပေါ်က ဘယ်နေရာ ဘယ်လောက်လှလှ ကိုယ့်နိုင်ငံကသာ အလှဆုံးနှင့် နေချင်စရာအကောင်းဆုံးဟုလည်း ခံစားရသူ ။ သည်နန်းမြင့်မျှော်စင်ကိုလည်း ပဲရစ်မြို့က အီဖယ်မျှော်စင်ထက် များစွာပိုခမ်းနားသည်ဟုထင်မိသည် ။

Forget-Me-Nots  { Completed }Onde histórias criam vida. Descubra agora