27. Take me to the stars

4.7K 275 119
                                    

( Unicode )

ပါးပြင်ပေါ် တလိမ့်လိမ့်ကျဆင်းနေသော မျက်ရည်တို့ကြောင့် လမ်းကြောင်းက ဝိုးတဝါးဖြစ်နေသော်လည်း မောင်းလာခဲ့သည့်ကားကို ရပ်ပစ်လိုက်၍မဖြစ်။ ရှင်းသန့်ရင်ထဲမှာ ပူလောင်တင်းကျပ်နေပြီး နှလုံးသားက တစ်စုံတခုဖြင့် ဖိနယ်ဆုပ်ချေခံထားရသလို စူးအောင့်နာကျင်နေသည်။

သူ ဘာမှပြင်ဆင်မထားရသေးဘူး။ ဘုဏ်းဇေကို သူမဟုတ်တဲ့ အခြားတစ်ယောက်လက်ထဲ ထည့်ပေးလိုက်ဖို့ သူ ဘာမှပြင်ဆင်မထားရသေးဘူး။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သည်လိုသတင်းမျိုး ကြားရဖို့လည်း သူ ဘာမှ ပြင်ဆင်မထားရသေးပါဘူး ။

ဖြစ်နိုင်လျှင် ကားကို တစ်နေရာရာ ဝင်အောင်းပြီး သူ့ကိုယ်သူ သည်ကမ္ဘာကနေ အမှုန်အမွှားတစ်ခုလို လွင့်စင်ကွယ်ပျောက်သွားလိုက်ချင်သည်။ ဖြစ်နိုင်လျှင် သူ့ရင်ထဲကအသံတွေကို တစ်လောကလုံးကြားအောင် အော်ဟစ်ငိုယိုပြီး ပြောပြလိုက်ချင်သည်။ ဖြစ်နိုင်လျှင် ဘုဏ်းဇေရဲ့လက်ကိုဆွဲပြီး ဘယ်သူမှလိုက်မရှာနိုင်သည့်နေရာကို နှစ်ယောက်တည်း ထွက်သွားလိုက်ချင်သည်။

သို့ပေမဲ့ သူက ရှင်းသန့်တည်ကြည်မဟုတ်လား ။ မတတ်နိုင်တာတွေ အများကြီးနဲ့ ၊ ငဲ့ညှာထောက်ထားစရာတွေ အများကြီးနဲ့ ၊ မျိုသိပ်ထားစရာတွေ အများကြီးနဲ့ သာမန်ကောင်လေးတစ်ယောက်ပဲ မဟုတ်လား ။ သည်တော့လည်း သူတစ်ယောက်တည်း တိတ်တဆိတ် ထွက်ပြေးခဲ့ရုံကလွဲပြီး ဘာရှိဦးမှာလဲလေ။ သူထွက်ပြေးရမည်။ ဝေးနိုင်သမျှ ဝေးဝေး ။

" သီဟ...မင်း မစားရတဲ့အမဲ သဲနဲ့ပက်နေတာလား "

အာကာနှင့်ကောင်းယံက ရှင်းသန့်နောက် လိုက်သွားကြသဖြင့် ရောင်ရှိန် သီဟနှင့်အတူကျန်ခဲ့သည်။ ဘုဏ်းဇေတို့ကို ကြည့်လိုက်တော့ တခြားနေရာကို ထွက်သွားပြီ။ သူတို့ရောက်နေတာ ကန်တင်းတစ်ခုထဲမှာမို့ အခြေအနေကို ရုန်းရင်းဆန်ခတ်လည်း ရောင်ရှိန်မဖြစ်စေချင်ပါ ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ သီဟကိုဒေါသထွက်နေမိတာအမှန် ။

ဒီအကြောင်းအရာက ဟုတ်သည်ဖြစ်စေဦးတော့ သီဟ အခုလိုမျိုး ရှင်းသန့်ရှေ့မှာ မပြောသင့်။ ရှင်းသန့် ဘယ်လောက်ခံစားသွားရမလဲ သီဟက နားမလည်တာလား။ ဒါမှမဟုတ် နားလည်ပါလျက်နှင့် တမင်ပြောလိုက်တာလားမသိ ။ တမင်ပြောလိုက်တာဆို သီဟရဲ့ ရည်ရွယ်ချက်က ဘာလဲ။ အခုလိုမျိုး သူငယ်ချင်းတွေရဲ့ သာယာနေသည့်အချစ်ရေးကို အနှောင့်အယှက်ဖြစ်စေနိုင်မည့်အရာမျိုး သယ်ဆောင်လာရလောက်သည်အထိ သီဟက ဘုဏ်းဇေနှင့်ရှင်းသန့်ကြားကို ဘာဖြစ်စေချင်နေတာလဲ ။ သီဟကို ဘယ်လိုမှ ရောင်ရှိန် မခန့်မှန်းတတ်တော့ပါ။

Forget-Me-Nots  { Completed }Where stories live. Discover now