4. Friends

5.9K 350 34
                                    

( Unicode )

2003၊ June

"ဟက်ပီးလေး...ငါ အခုကျောင်းသွားရတော့မယ်၊ အစားအများကြီးစားနော်၊ ငါ့ကိုလွမ်းမနေနဲ့ ကြားလား၊ ငါကျောင်းပြန်လာမှ ပြန်တွေ့ကြမယ် "

မကိုဋ်ရတနာ နန်းတော်ဝန်းအတွင်းရှိ မြင်းဇောင်းထဲတွင် အဖြူနှင့်ခဲရောင် ကျောင်းဝတ်စုံဝတ်ထားသော အိမ်ရှေ့စံလေးသည် သူ၏ စီးလို့မရသေးသော မြင်းလေးအား ဦးခေါင်းကိုအသာပွတ်ပြီး တတွတ်တွတ်မှာကြား၍ နှုတ်ဆက်နေသည်မှာ ငါးမိနစ်ခန့်ရှိသွားပြီဖြစ်သည်။ ထို့နောက် မြင်းထိန်းအမှုထမ်းများအား သူ့ဟက်ပီးလေးကို အစားသေချာကျွေးဖို့ ထပ်မံမှာကြားပြီး ကျောင်းသွားရန် အသင့်စောင့်ဆိုင်းနေသော ကားရှိရာ ထွက်လာခဲ့တော့သည်။

ဇွန်လတစ်ရက်နေ့သည် နွေရာသီ သုံးလပိတ်ထားသော ဘားမားပြည်ထောင်စုရှိ အခြေခံကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်သည့်နေ့ဖြစ်၏။ တစ်ညလုံး တစိမ့်စိမ့်ရွာနေသော မိုးက မနက်လင်းလင်းချင်း ရပ်နားသွားသော်လည်း ကောင်းကင်မှာ တိမ်ညိုတိမ်မည်းများ အုံ့ဆိုင်းနေဆဲပင်။ သည်နေ့ကစပြီး လေးတန်းကျောင်းသားကြီး ဖြစ်တော့မည့် ဘုဏ်းဇေယျာကျော်လေး၏ မျက်နှာပေါ်ကအပြုံးကတော့ ရာသီဥတုနှင့်ဆန့်ကျင်စွာ ကြည်လင်လျက်ရှိသည်။

" အငယ်လေး...စာအုပ်တွေ အစုံပါတာ သေချာတယ်နော် "

နဖူးပေါ်ဝဲကျနေသည့် ဆံစလေးများကို သပ်တင်ပေးပြီး ဝတ်ထားသည့် ‌ ကျောင်းဝတ်စုံကို သေချာပြန်ပြုပြင်ပေးနေသော အစ်မဖြစ်သူကို ဘုဏ်းဇေ ခေါင်းညိတ်ပြရင်း ကားထဲကနေ လမ်းဘက်ကို ငေးနေမိသည်။ မိုးဖွဲလေးများက နောက်တစ်ကြိမ် ပြန်ကျနေပြီ။ ပလက်ဖောင်းပေါ်ရှိ ထီးရောင်စုံများကလည်း ပန်းရောင်စုံများနှယ်ပင်။

"  ခမည်းတော် ပြောတာ မှန်မှာပါနော် မမ "

ဘုဏ်းဒေဝီကကျော် ပြုံးပြီး မောင်ဖြစ်သူ၏ ဖြူဖြူဖောင်းဖောင်း ပါးပြင်လေးကို လက်နှင့် သာသာဆွဲဖဲ့သည်။

" ခမည်းတော်က ဘယ်တုန်းက ညာပြောဖူးလို့လဲ ဘုဏ်းငယ်လေးရဲ့ "

အငယ်လေး၊ ဘုဏ်းငယ်လေး၊ မောင်လေး၊ မမရဲ့မင်းသားလေးစသဖြင့် သူမအတွက် ချစ်စနိုးအမည်အမျိုးမျိုးနှင့် သည်မောင်လေးဟာ ဘာလို့များ ဝန်ကြီးချုပ်၏သားငယ်လေးနှင့် သည်လောက်တောင် သူငယ်ချင်းဖြစ်ချင်ရတာပါလိမ့်ဆိုတာ သူမ မတွေးတတ်ပါ။

Forget-Me-Nots  { Completed }Where stories live. Discover now