Chapter - 3 စာကြည့်တိုက် (စာကွညျ့တိုကျ)

22.6K 3K 10
                                    

Zawgyi Version

စာကြည့်တိုက်မှာ စစ်သည်တော်ဌာန နှင့် မှော်ဆရာဌာနနှစ်ခုစာအတွက် ပေါင်းထားပေးသည်.. ထို့ကြောင့် တော်တော်ကြီးသည်ဟု ဆိုရမည်.. စာကြည့်တိုက်တွင် အရှေ့ဆောင် နှင့် အနောက်ဆောင်ဟူ၍ အဆောင်ကြီးနှစ်ဆောင်ခွဲထားသည်.. အရှေ့ဆောင်တွင် ဆေးဖော်နည်းများနှင့် ဆေးပင်များအကြောင်းရေးသားထားသော ခေတ်အဆက်ဆက် တန်ဖိုးကြီးစာပေများရှိသည်.. အနောက်ဆောင်တွင်မူ လုံရှန်းပြည်၏ သမိုင်းကြောင်းနှင့် ပထဝီအနေအထားအကြောင်း စာအုပ်များထားရှိသည်.. စွမ်းအင်ထိန်းချုပ်မှုဆိုင်ရာနည်းပညာစာအုပ်များ နှင့် သိုင်းပညာစာအုပ်များလဲ ရှိသည်..

သို့သော် မည်သူမှအလွယ်တကူ ဝင်ရောက်ကြည့်ရှု၍ မရနိုင်ပါ.. ယူရှောင်မိုကဲ့သို့ ယာယီဂိုဏ်းသားတယောက်အနေဖြင့် အရှေ့ဆောင်နှင့် အနောက်ဆောင်၏ပထမထပ်ကိုသာ ဝင်ရောက်နိုင်သည်.. တရားဝင်ဂိုဏ်းသား သို့မဟုတ် အထူးဝင်ခွင့် မပါလျှင် အပေါ်ထပ်များသို့ တက်ရောက်ကြည့်ရှုခွင့်မရှိ.. သို့သော် ယူရှောင်မိုအတွက်တော့ ဒီနည်းလမ်းများ ကြိုးပမ်းရန်မလို.. အပေါ်ထပ်သို့တက်ရန်လည်း မလိုအပ်သေးပေ..

စာကြည့်တိုက်သို့လာရောက်ခြင်းမှာ ယူရှောင်မိုအတွက် ရည်ရွယ်ချက်နှစ်ခုရှိသည်.. ပထမတစ်ခုမှာ လုံရှန်းပြည်၏ သမိုင်းကြောင်းကို နားလည်ရန် ဖြစ်သည်.. ဒီကမ္ဘာသည် မည်သို့သောကမ္ဘာဆိုသည်ကို သူနားလည်ထားရန်လိုအပ်သည်.. ဒုတိယရည်ရွယ်ချက်မှာ နှစ်ဝက်ဝင်ခွင့်စာမေးပွဲအတွက်ဖြစ်သည်.. စစ်သည်တော်ဌာနရော ကုန်သွယ်ရေးဌာနပါ သူ့အတွက် မျှော်လင့်ချက်မရှိဟု ခံစားရသည်.. ဒါပေမယ့် မှော်ဆရာဌာနအတွက်တော့ သူမျှော်လင့်ချက်ရေးရေးထားမိသည်.. မှော်ဆရာတစ်ယောက်ဖြစ်လာရန်အတွက် ဘာလိုအပ်မှန်းသူမသိသေးသော်လည်း ကြိုးစားရှာဖွေဖို့ ဆုံးဖြတ်ထားသည်..

ယူရှောင်မို စာကြည့်တိုက်သို့ သွားရန် တော်တော်ကြာလမ်းပျောက်နေပြီးနောက် တစုံတယောက်ကို မေးမြန်းရန် စိတ်ကူးလိုက်သည်..ဒါတောင် တစ်နာရီနီးပါး ရှာလိုက်ရတယ်.. အဆုံးမှာတော့ အဝေးမှ ခန့်ညားထည်ဝါသော အဆောက်အဦးတစ်ခုကို သူမြင်လိုက်ရသည်.. အဆောက်အဦးထက်တွင် ရွှေရောင်ဝင်းနေသော လေးထောင့်မော်ကွန်းကျောက်စာ ကိုမြင်လိုက်ရသည်.. (藏书阁) စာကြည့်တိုက်ဟူသော စာလုံးသုံးလုံးကို ထွင်းထုထားသည်.. ရိုးရိုးရှင်းရှင်းရေးထားသော်လည်း ခန့်ညားထည်ဝါမှုကို တပြိုင်နက်တည်းခံစားလိုက်ရသည်.. ယူရှောင်မို တံတွေးအသာမျိုချမိသည်.. စာကြည့်တိုက်၏ခန့်ညားထည်ဝါမှုမှာ ပေကျင်းက နန်းတော်ထက် အများကြီးသာလွန်သည်..

The Legendary Master's Wife  MM Translation(အပိုင်း ၁ - အပိုင်း ၆၃)Where stories live. Discover now