မနေ့က ဆေးရုံအုပ်ကြီးကို ဖုန်းဆက်သည် ။ စစ်ဆေးရေးဘက်က သူတို့မှားကြောင်း ဆိုတာကို ပြန်ပြောသည် ။ ကျန်းမာရေးမှူးက သတိပေးစာပါပေးသွားသည် ။ ဒီနေ့က လူနာအလွန်ပါးသည် ။ အရေးပေါ် လူနာတစ်ယောက်မှ မရှိပါ ။ ရက်ချိန်းထားသည့် လူနာတွေကိုသာခွဲစိတ်ရသည် ။
အခုလဲ ညဘက်တွင် ဆေးရုံ၀န်ထမ်းတွေအားလုံးအတွက်ထားထားသည့် နားနေခန်းအကြီးကြီးတွင် ဒေါက်တာ L , ဒေါက်တာ အောင်မင်း , ဒေါက်တာ ဆယ်(လ်) , အစ်မကြယ်စင်နှင်းဖြူ , ဒေါက်တာ ခိုင်လတ် နဲ့ ဟိုတနေ့ ကနှလုံးထိသွားတဲ့ လူနာရယ် ကျွန်တော်ရယ် အစ်ကိုလံနော့ရယ် ရှိနေသည် ။
စားသောက်စရာတွေပါအကုန်၀ယ်ထားသည် ။ ညလဲနက်နေပြီမို့ အပျင်းပြေရန် Truth or Dare ဆော့ရန် အကြံပေးလိုက်သည် ။ ဒေါက်တာ L က တစ်ခါသုံးရေဘူးကို ယူကာ စားပွဲ၀ိုင်းအလယ်တွင်ထားလိုက်သည် ။ အခု ကျွန်တော်တို့က စားပွဲကို ၀ိုင်း၍ ထိုင်နေကြခြင်းဖြစ်သည် ။
'ဖင်ဘက်ကျတဲ့ လူနော် ... ကဲ စပြီ ။ '
ဒေါက်တာ L လှည့်လိုက်တော့ ဒေါက်တာ အောင်မင်းစီ ကျသွားသည် ။
'ကဲ ...Truth or Dare ? '
ဒေါက်တာ အောင်မင်း တံတွေးမျိုချလိုက်သည်ကို မြင်လိုက်သည် ။
'Truth..'
'ဘယ်သူမေးမလဲ ... '
ဘယ်သူမှ မမေးကြ ။ ဒါကြောင့် ဒေါက်တာ L သာမေးလိုက်သည် ။
'ကွာရှင်းထားတာတော့ သိပေမယ့် အခု ကြိုက်နေတဲ့ လူရှိလား ။ '
'အင်း ... ရှိတယ် ။ '
'၀ိုး...'
အခန်းတစ်ခန်းလုံး ဆူညံသွားသည် ။
ဒီတစ်ခေါက် ကျွန်တော် ရေဘူးကို လှည့်လိုက်သည် ။ အစ်မ ကြယ်စင်နှင်းဖြူကို ကျသွားသည် ။
'T or D ? '
အစ်မကြယ်စင်က စဥ်းစားနေဟန် ရှိသည် သို့ပေမယ့် ချက်ချင်းပြန်ဖြေသည် ။
'dare..'
'အိုကေ ... အစ်မ ဆိုချင်တဲ့ သီချင်းတစ်ပုဒ်ကို ဒီထဲက တစ်ယောက်ယောက်ကို ကြည့်ပြီးဆို ။ '