ဒီနေ့ ဗုဒ္ဓဟူးနေ့ဖြစ်သည် ။ ညနေ ၆ နာရီကျလျှင် welcome ရှိသည် ။ အစကတော့ မသွားဖို့ လုပ်ထားပေမယ့် ကိုယ်တို့အတွက် လုပ်တဲ့ ပွဲပဲ မဟုတ်လား ။ King မှာ ၀င်မပြိုင်ဘူး ဆိုပေမယ့် ဟိုတစ်နေ့က ဆရာမက သီချင်းဆိုတာ ဖြစ်ဖြစ် တစ်ခုခု လုပ်ခိုင်းသည် ။
ကျွန်တော်လား ။ ကျွန်တော်ကတော့ ဘာမှ မလုပ်ပါ ။ အခုနောက်ဆုံးကတော့ the whole king ဆုဖြစ်သည် ။ လူတိုင်းကတော့ အစ်ကို လံနော့ လို့ပဲ ထင်ကြေးပေးကြသည် ။
'ကဲ ... အခု နောက်ဆုံး အစီအစဥ်ပါ ။ ကျွန်တော် စာအိတ်လေးကို ဖွင့်ကြည့်လိုက်ပါဦးမယ်နော် ။ '
အစီအစဥ် တင်ဆက်သူက စာအိတ်ကို ဖွင့်ကြည့်ပြီးတဲ့ အချိန် မျက်နှာအမူအရာကို အံ့သြ သည့်ဟန်လုပ်ပြသည် ။
'မောင်စိုင်းလံနော့ ဖြစ်ပါတယ် ။ '
ထင်သားပဲ ။ ကောင်မလေး တချို့ကအော်နေကြသည် ။
'စကားတစ်ခွန်း လောက်ပြောပါဦးခင်ဗျ ။ '
'အာ ... ဟုတ်ကဲ့ ။ ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး ။ ဒါပေမယ့် တစ်ခုတော့ရှိတယ် ... အစ်ကို မင်းကို ချစ်တယ် ။ '
'အား ... ၀ိုး ....'
ပွဲအတွင်းမှ မိန်းကလေးတချို့၏ အော်သံ ဖြစ်သည် ။ ယောကျာ်းလေးများတောင်ပါသည် ။ ကျွန်တော်ကတော့ သူဘယ်သူ့ကို ရည်ရွယ်ပြီး ပြောသလဲ ဆိုတာ သိသလိုလိုပါပဲ ။ နောက်ဆုံး အဆုံးသတ်တွင် ဆရာ ၊ ဆရာမများနဲ့ ဓာတ်ပုံရိုက်တဲ့ လူတွေ ရှိသည် ။ ဒီနေ့ က ဆေးရုံကိုတော့ မသွားဖြစ် ။
'ညီ ရပြီ ။ သွားမယ် ။ '
ကားမောင်းသူနေရာမှာ ကျွန်တော် ၀င်ထိုင်ဖို့လုပ်ပေမယ့် သူကတားသည် ။ သဘောက သူမောင်းမယ် ဆိုတဲ့ သဘောပင် ။
'ညီ့ အိမ်ကို အရင်သွားမယ် ။ ပြီးမှ ကိုယ့်အိမ်သွားမယ် ။ '
'ဟမ် ... ဒါ ကျွန်တော့်ကားလေ ။ ခင်ဗျားက ကျွန်တော့် ကားကို ယူသွားမယ်ဆိုတဲ့ သဘောပေါ့ ။ '
'အင်းလေ ။ သြော် ဘာမှ စိတ်မပူပါနဲ့ ၊ မင်းကားကို ဘာမှ မလုပ်ဘူး ။ '
'ဘယ်သူကကော ဘာကိုစိတ်ပူနေလို့လဲ ။ မောင်းစရာ ရှိတာ မြန်မြန်မောင်းစမ်းပါ ။ စကားကိုများတယ် ။ '
