Chapter 68

8.7K 1.5K 52
                                    

[Unicode]

ရှအမေနှင့်အန်ကယ်ဖန်တို့၏ လက်ထပ်မှတ်ပုံတင်လျှောက်ထားခြင်းက သိပ်မကြာခဲ့ပေ။ ထိုစုံတွဲက သူတို့သူငယ်ချင်းတွေကိုဖိတ်လိုက်ပြီး ရိုးရှင်းသည့်မိသားစုညစာစားပွဲလေးဖြင့်သာ ဂုဏ်ပြုပွဲလုပ်လိုက်ကြသည်။ နိုင်ငံခြားတွင်နေထိုင်သော အန်ကယ်ဖန်၏ကလေးက သူ့အဖေ၏ လက်ထပ်ထိမ်းမြားခြင်းအား အသိသက်သေလုပ်ရန်အတွက် မွေးရပ်နိုင်ငံသို့ပြန်လာခဲ့သည်။

ဂုဏ်ပြုပွဲနေ့တွင် ရှယောင်က ကျိုးတုအားထိုနေရာသို့ ခေါ်ဆောင်လာခဲ့၏။ ရှအမေက ဝမ်းသာခဲ့ပေမယ့်လည်း ထိုအကြောင်းအားသိပ်များများစားစားမပြောခဲ့ပေ။ အန်ကယ်ဖန်ကလည်း ကျိုးတုကိုအတော်လေးသဘောကျသည်။ လူတိုင်းထွက်ခွာသွားပြီးသည့်နောက် သူက ရှအမေကိုပြောလိုက်သည်။ " ကိုယ့်အမြင်မှာတော့ ကျိုးတုကတကယ်ကိုစိတ်ချရတဲ့ ကလေးပဲ။ မင်း ယောင်ယောင်ကိုထပ်ပြီးစိတ်ပူစရာမလိုတော့ပါဘူး " ။ အင်း။ ရှအမေသည်လည်း ကျိုးတုအကြောင်းမသိခဲ့သည်မဟုတ်ပါ။ သူမ ကျိုးတုကိုစတွေ့တဲ့အချိန်ထဲက အမြဲတမ်းသဘောကျလာခဲ့ရသည်ပဲဖြစ်သည်။

ရှအမေနှင့်အန်ကယ်ဖန်၏ မင်္ဂလာပွဲကရိုးရိုးလေးသာဖြစ်သော်လည်း အန်ကယ်ဖန်၏သမီးကတော့ သူတို့ကို ကမ္ဘာပတ်ခရီးသွားဖို့ အခိုင်အမာကိုတောင်းဆိုခဲ့သည်။ ထိုအကြောင်းကို ကြားသည်နှင့် ရှအမေကငြင်းပယ်ခဲ့သည်။ ဒီနှစ်တွေအတွင်း သူမကအလုပ်မလုပ်ခဲ့တာကြောင့် အိမ်၏ကိစ္စအဝဝကိုထောက်ပံ့ပေးရသည့် တာဝန်က အကုန်လုံးရှယောင်အပေါ်သို့သာ ကျရောက်ခဲ့ရသည်။ ခရီးစဥ်၏ကုန်ကျငွေက ရှအမေလိုသာမန်လူတစ်ယောက်အတွက် မတတ်နိုင်သည့်ကိစ္စပင်။

ဒီတစ်ကြိမ်တွင်တော့ ရှယောင်က အန်ကယ်ဖန်၏သမီးဘက်ကထောက်ခံခဲ့သည်။ သူကဘသူ့အမေကိုစိတ်ချအောင်ပြော၏။ " မား ပိုက်ဆံအတွက်မပူပါနဲ့။ မားရဲ့သားက ဒီခရီးစရိတ်လောက်လေးကို မပေးနိုင်ဘူးလို့ထင်နေတာလား "

ရှအမေကသက်ပြင်းလေးချလိုက်သည်။ " တုံးလိုက်တဲ့ယောင်ယောင် မား အွန်လိုင်းမှာရှာပြီးပြီ။ ဒီခရီးစဥ်က အနည်းဆုံးသိန်းထောင်နဲ့ချီကုန်မှာ။ ဘာလို့ပိုက်ဆံတွေကိုဖြုန်းတီးနေတော့မှာလဲ။ အန်ကယ်ဖန်နဲ့မားက နှစ်တွေအများကြီးနေခဲ့ပြီးပြီ အဲ့လိုသွားဖို့မလိုပါဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now