၀၀၄

3K 521 14
                                    

ဆွင်းယွင်းနျန်


စုန့်ချီသည် ဟွိုင်ဟွားပန်းများလှိုင်လှိုင်ဖူးပွင့်နေသော တောအုပ်လေးတစ်ခုကို ဖြတ်လာပြီးနောက် အဆုံးတွင်သလင်းကျောက်အလားကြည်လင်နေသည့် စမ်းချောင်းလေးတစ်ခုကိုတွေ့လိုက်ရ၏။

စမ်းချောင်းလေးဘေးတွင် တောင့်တင်းခိုင်မာသော ဟွိုင်ဟွားပင်တစ်ပင်ပေါက်ရောက်နေပြီး အကိုင်းအခက်များက မြေပြင်ကိုပင်ထိလုထိခင် ကိုင်းကျနေလျက် လေညှင်းဆော်တိုင်း တသွဲ့သွဲ့လှုပ်ရမ်းနေ၏။

စုန့်ချီ ရေဆာလာတာကြောင့် စမ်းချောင်းဆီသို့လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရေကိုလက်ခုပ်နှင့်ခပ်၍ အငမ်းမရသောက်လိုက်သည်။ သူ့မေးစေ့တွင် တင်ကျန်နေသည့်ရေစက်များကို ဝတ်ရုံလက်ဖြင့်သုတ်ပစ်လိုက်၏။ ထို့နောက် ထိုင်၍အနားယူရန် စဉ်းစားခိုက် သင်းပျသောအမွှေးရနံ့တစ်ခုက သူ့နှာဖျားထက်ကျီစယ်လာသည်။

သူခေါင်းလှည့်၍ရှာဖွေကြည့်လိုက်သော် ဟွိုင်ဟွားပင်အောက်တွင် အနီရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်ကိုတွေ့လိုက်ရ၏။ သူမသည် သစ်ပင်အောက်တွင် ကျောပေးလျက် မလှုပ်မယှက်ရပ်နေသည်။ သူမ၏ တင့်တယ်သော သွင်ပြင်လေးက အပင်အကိုင်းအခက်များဖြင့် ပုန်းလျှိုးကွယ်လျှိုးနေလေ၏။

စုန့်ချီ ကသုတ်ကရက်ထရပ်လိုက်ပြီး ထိုမိန်းမကလေးကိုအော်ပြောလိုက်၏။

" မိန်းကလေး ဒါဘာနေရာလဲသိလား"

" သခင်လေး မြန်မြန်ထွက်သွားသင့်တယ်"

မိန်းကလေး၏သိမ်မွေ့သော အသံက ဘာကြောင့်ရယ်မသိ စုန့်ချီနှင့် ရင်းနှီးနေသလိုခံစားရ၏။

စုန့်ချီ အရှေ့သို့ခြေလှမ်းများလှမ်းလိုက်သည်။

" ငါသွားမှာပါ၊ ဒါပေမဲ့ ငါ့ကိုအထွက်လမ်းဘယ်မှာရှိလဲ ပြောပြပေးလို့ရမလား "

စုန့်ချီ မျက်လုံးဖွင့်ဖွင့်ချင်း ဤပဟေဠိဆန်သော နေရာသို့ ရောက်နေလျက်သားဖြစ်နေ၏။

" အရုဏ်တက်တာနဲ့ လဲ့ယွီကနေထွက်သွားလိုက်ပါ "

မိန်းမပျိုကဆို၏။

FOX DEMON CULTIVATION MANUALWhere stories live. Discover now