၀၅၉

1.5K 361 25
                                    

ငါးချက်မြောက်ဗုံသံဟာ ထွက်မလာခဲ့ပါချေ။ တဝူးဝူးတဝါးဝါးဖြင့် ဆူပူသောင်းကျန်းနေကြသော အရပ်မျက်နှာအသီးသီးက မိစ္ဆာအုပ်ကြီးသည် ချက်ချင်းဆိုသလို တိခနဲ ငြိမ်သက်တိတ်ဆိတ်သွားသည်။

စုန့်ချီသည် မရေမရာဖြင့် မျက်လုံးတို့ ပင့်မြှောက်ကြည့်လိုက်သည်။ ထိုစဉ် ထီးလေးတစ်လက်ဟာ လေထဲမှ တရိပ်ရိပ်ဆင်းကျလာပြီး သူ့မြင်ကွင်းကို ပိတ်ဆို့သွားသည်။ ထီးလက်ကိုင်ရှိ စွံပလွံအနီသီးအရွယ် ခေါင်းလောင်းလေးသည် ငြင်သာစွာ လွှဲယမ်းနေလျက် ကြည်လင်သော အသံလွင်လွင်လေးပါ မြည်နေသည်။

စုန့်ချီ တောင့်ခဲသွားသည်။ ရုတ်တရက်ဆန်စွာ ဤထီးပေါ်ပေါက်လာမှုက သူ့အား ကြောင်သေသေသွားစေသည်။ သူ့ညာဘက်လက်ထဲက ဓားကောက်ရှည်ကို ဘယ်ဘက်လက်သို့ အလျင်စလိုပြောင်းကိုင်လိုက်ကာ ထီးလေးကို ဂရုတစိုက်ဖြင့် ဖမ်းယူလိုက်သည်။

သူ့လက်တွင်းသို့ ရောက်သည်နှင့် ခေါင်းလောင်းလေးဟာ အမြည်ရပ်သွားခဲ့သည်။ ၎င်း၏ ခရီးဆုံးပန်းတိုင်ကို စိတ်ချလက်ချရောက်ရှိသွားသည့်အလားပင်။

စုန့်ချီသည် အံ့သြစွာဖြင့် ထီးကို အနီးကပ်စူးစမ်းကြည့်ရှုလိုက်သည်။ သလင်းကြည်ရောင် ဖန်သေတ္တာထဲတွင် မဟုတ်တော့တာကြောင့် ထီး၏ အသေးစိတ်ကစ ရှင်းလင်းစွာမြင်နေရသည်။ ထီးရိုးမှ ရွှေရောင်ကိုင်းအခက်များ ကိုယ်ထည်ဆီသို့ ယှက်ဖြာကူးလူးသွားသည်မှာ အသက်သွေးကြောမျှင်များ ခွဲဖြာစီးဆင်းနေသည့်နှယ်။

ချင်ယွိသည် မြေပြင်ပေါ်ကနေ ထရပ်ကာ မျက်လုံးများ ပြူးကျယ်လျက် စူးစိုက်ကြည့်လာသည်။

" ဒါ..ကျွန်မတို့ ခုနက မြင်ခဲ့တဲ့ထီးမဟုတ်လား..ဘယ်လိုလုပ် ဒီရောက်လာရတာလဲ "

စုန့်ချီလည်း အိုးတိုးအမ်းတမ်းဖြင့် ပြန်ဖြေလိုက်သည်။

" ကျွန်တော်လည်း မသိဘူးလေ...."

သို့ပေသော်ငြား ဤထီးသည် သူရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခြင်း သို့မဟုတ် တစ်စုံတစ်ယောက်က သူ့ထံ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သူခံစားမိနေသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now