၀၈၃

1.8K 399 15
                                    

သူသည် စာအုပ်တစ်အုပ်ကိုဖတ်နေရင်းဖြင့် နောက်စာမျက်နှာကို လှန်လှောလိုက်သကဲ့သို့နှယ် အဆက်ပြတ်သွားသောမြင်ကွင်းများမှ မြင်ကွင်းအသစ်ဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားသည်။ ယခင်က နေဝင်ချိန် အနီရောင်တောက်တောက် တိမ်စိုင်တိမ်လိပ်များအစား ပြာလွင်လွင်မိုးကောင်းကင်နှင့် နေခြည်နွေးနွေးက အစားထိုးနေရာဝင်ယူနေလေသည်။

ကြီးမားတုတ်ခိုင်သည့် သစ်ပင်ကြီးတစ်ပင်က ငြိမ်သက်ကာ ကြည်လင်နေသော ရေအိုင်ဘေး၌ ပေါက်ရောက်နေ၏။ ရုန်စန်းသည် သစ်ပင်ခြေရင်း၌ တင်ပျဉ်ချိတ်ထိုင်နေရင်း ရုန်ပိုင်လေးကို သူမ၏လက်မောင်းများထဲ ထွေးပွေ့ထားသည်။

ရုန်ပိုင်က အနည်းငယ်ခန့် အရွယ်ပိုရောက်လာပုံရှိပါသော်ငြား သူ၏ဆံပင်နှင့်မျက်ဝန်းများမှာတော့ အနက်ရောင်အဖြစ် မပြောင်းမလဲရှိနေဆဲပင်။ ဤအသွင်အပြင်အရဆိုလျှင် သူသည် သိမ်မွေ့နူးညံ့သော လူသားကလေးငယ်တစ်ယောက်နှင့်သာ ပိုတူလေ၏။ သူသည် ရုန်စန်း၏ရင်ခွင်ထဲတွင် သင်သောင့်သက်သာမှီထားရင်း ဦးခေါင်းထက်က စိမ်းစိမ်းစိုစိုသစ်ပင်ရိပ်ကို မျက်ဝန်းတောက်တောက်များဖြင့် ဖြည်းညင်းစွာ မော့ကြည့်လိုက်သည်။

ရုန်စန်းက မျက်ဝန်းများကိုငြင်သာစွာ မှိတ်ထားရင်း မျက်နှာထက် ဆော်သွေးတိုက်ခိုက်လာသော လေပြည်လေညင်းများကို ပျော်မွေ့စွာခံစားနေသည်။ သူမ၏နှုတ်ခမ်းထောင့်စွန်းလေးများကမူ အနည်းငယ်မျှကွေးညွှတ်နေ၏။

စုန့်ချီမှာ ဤမြင်ကွင်းကြောင့် ပြောမပြနိုင်အောင် ကြည်နူးသွားရသဖြင့် သူတို့ထံသို့ လျှောက်သွား၍ မျက်နှာချင်းဆိုင်၌ ထိုင်ချလိုက်သည်။

" မယ်မယ် သားတောင်းပန်ပါတယ် "

ရုန်ပိုင်က ရုတ်တရက်စကားဆိုလာသည်။

သူ့အသံက နူးညံ့ကာချိုအီအီလေးပင်။ အသံက အရွယ်ရောက်ပြီးသူတစ်ယောက်ကဲ့သို့ တည်တည်ကြည်ကြည်လေးဖြစ်ပါသော်လည်း ကြားရသူတို့အဖို့ ချစ်စဖွယ်ကောင်းနေစမြဲ။ ထိုစကားကိုကြားလိုက်လျှင် ရုန်စန်းက အံ့အားသင့်စွာ မျက်လုံးများပွင့်လာပြီး ရုန်ပိုင်၏ခေါင်းလေးကို ဖွလိုက်သည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now