၀၄၀

1.8K 397 8
                                    

-Unicode-

စုန့်ချီ အတော်လေးစိတ်ရှုပ်မိသည်။ လူအများသည် ဘာကြောင့် ညသန်းခေါင်အချိန်မတော်ကြီးကျမှ ပြဿနာရှာရသည်ကို ကြိုက်ကြမှန်းမသိပေ။ လမင်းကြီး ထိန်ထိန်သာနေတဲ့ ညလယ်ခေါင်က အိပ်လို့အကောင်းဆုံးအချိန်ပဲ မဟုတ်ပေဘူးလား။

သူတံခါးဖွင့်လိုက်သည်နှင့် အိပ်ချင်နေဆဲစိတ်ကလေးတောင် စုံးစုံးမြှုပ်ပျောက်ကွယ်လို့ သွားလေသည်။ သူဟာ ယခင်က မကျေမနပ်ဖြစ်နေခဲ့သော်ငြား တံခါးနောက်မှ များပြားလူစုလူဝေးကြီးကို မြင်လိုက်ရသော် အနှီမကျေမချမ်းမှုလေးပါ အစရှာမရအောင် တပ်ခေါက်ပြန်သွားလေသည်။ သူ အကြောင်းအရင်းကို စုံစမ်းဖို့ ထိုနေရာသို့ အလျင်စလိုပြေးသွားလိုက်သည်။

သူ့ရှေ့မှ အစေခံတစ်ယောက်ကို လှမ်းဖမ်းဆွဲကာ မေးလိုက်လေ၏။

" ဘာတွေဖြစ်နေတာလဲ "

"သခင်မကြီးက မပြောမဆိုနဲ့ ဓားကိုင်ပြီး သခင်မလေးအခန်းထဲကို ပြေးဝင်သွားတာ၊ သူတို့အခုအထဲမှာ.... "

အစေခံက ရုတ်တရက်မို့ မေးသမျှပြောပြလိုက်မိသည်။ သူ့ဘေးက အစေခံတစ်ယောက်က တံတောင်နှင့် တွန်းထိုးကာ သတိပေးလိုက်သည်။

"ပါးစပ်မဖွာစမ်းနဲ့ ! "

စုန့်ချီ သူတို့အား လျစ်လျူရှုလိုက်ကာ လူအုပ်ကြီးရှိရာသို့သာ ဆက်လျှောက်သွားလိုက်သည်။
လူအုပ်ကြီး၏ အရှေ့ဆုံးနားထိ တိုးသွားလိုက်ချိန်တွင် အမျိုးသမီးတစ်ယောက်၏ အော်ဟစ်သံကို ထပ်မံကြားလိုက်ရပြန်သည်။

"နင့်လိုကောင်မျိုးက ဘာလို့လူဘုံမှာရှိနေသေးတာလဲ
ငရဲကို သွားသေလိုက်ရမှာ !! "

ထိုအခိုက် စူးဝါးဝါးအော်ရယ်သံများနှင့် ညှီစို့စို့သွေးညှီနံ့များက လေထဲသို့ ပျံ့လွင့်လာသည်။
စုန့်ချီ သူ့ရှေ့ကလူကို အလျင်စလို တွန်းဖယ်လိုက်ရာ  ကြမ်းတမ်းခက်ထန်သည့် အမူအရာနှင့် အသားခုတ်ဓားမကို လက်တစ်ဖက်စီ၌ ကိုင်ထားလျက်ရှိသော အမျိုးသမီးတစ်ယောက်ကို မြင်တွေ့လိုက်လေသည်။ ဓားတစ်ဖက်မှာတော့ လောလောလတ်လတ်သွေးများ စွန်းပေလျက်ရှိသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now