၀၇၈

1.4K 312 4
                                    

ကျင်းလင်တွင် ယနေ့အခါ၌ သူရိန်နေမင်းက တောက်တောက်ပပလင်းထိန်လျက်ရှိသည်။

စုန့်ချီ၏မှတ်ဉာဏ်ထဲတွင် ကျင်းလင်သည် ဤမျှသာယာပြီး ကြည်လင်အေးချမ်းနေခြင်းမှာ ရှားပါးလှပေ၏။

လတ်တလောအချိန်တွင်မူ လျန်ရန့်ပေသည် အရှေ့မှလမ်းလျှောက်နေသောကြောင့် မြှောက်ကာစီးနှောင်ထားသည့် သူ၏မှင်နက်ရောင်ဆံပင်ရှည်များက ခပ်ပြည်ပြည်လေးလှုပ်ယမ်းနေသည်။ သူဟာ မကြာမကြာခြေလှမ်းရပ်ကာ စုန့်ချီအား လှည့်လှည့်ကြည့်တတ်သည်။

" ချီ ~ မြန်မြန်လာ "

လျန်ရန့်ပေက သူ့အားလောဆော်သည်။

ဤကလေးက တကယ်ကို စိတ်ရှုပ်စရာကောင်းလွန်းသည်။ နံဘေးတွင် အပြင်လူရှိမနေပါက သူ့အား "  ချီ  " ဟုအမြဲတမ်းခေါ်တတ်သည်။

အမှန်တကယ်တွင်မူ သူ၏လောကသိအမည်ကို ခေါ်ဆိုသူမှာအနည်းအကျဉ်းမျှသာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အသက်ပြည့်မွေးနေ့ပွဲ ၊ လောကသိအမည်ကပ်ပွန်းတပ် အခမ်းအနားကို ကြီးကြီးကျယ်ကျယ်ကျင်းပခဲ့ခြင်းမဟုတ်သောကြောင့်ပင်။ မွေးနေ့ဧည့်ခံပွဲကို မည်သည့်ဧည့်သည်ကိုမျှ ဖိတ်ကြားခဲ့တာမဟုတ်ပေ။

ဆိုရပါလျှင် ထို့ထက်အခြေခံကျသည့်အရာမှာ သူ့တွင် အပေါင်းအဖော်၊ သူငယ်ချင်း များများစားစားမရှိခြင်းကြောင့်သာ။

စုန့်ချီ မျက်ခုံးများတွန့်ချိုးလိုက်သည်။

" လျန်ရန့်ပေ ၊ ငါ့ကို အဲ့လိုထပ်ခေါ်ရဲခေါ်ကြည့် မင်းကို ဦးရီးတော်နဲ့တိုင်ပစ်မယ်။ ဦးရီးတော် မင်းကို ဘယ်လိုအပြစ်ပေးမလဲ ငါမိန့်မိန့်ကြီးကိုကြည့်နေဦးမှာ! "

လျန်ရန့်ပေက ပါးစပ်ဖြဲလျက် ပြုံးဖြီးဖြီးလုပ်သည်။

" အစ်ကိုအခုနေ ရွှေမြို့တော်ဆီ တိုင်ကြားစာပို့လိုက်ရင်တောင်မှ ကျွန်တော့်အဖေလိုက်လာတဲ့အချိန်ကျ ကျွန်တော်ကကျင်းလင်ကနေ ထွက်သွားပြီးသားတောင်ဖြစ်နေလောက်ပြီ "

သူဟာ စိတ်ကြီးဝင်စွာ ဖြည့်စွက်၍ပင်ပြောလာသည်။

" ကျွန်တော် မကြောက်ဘူး "

FOX DEMON CULTIVATION MANUALWhere stories live. Discover now