၀၇၂

1.6K 359 8
                                    

ဖုန်းကျော့ကျွင်းက စုန့်ချီအား အကျိုးအကြောင်းရှင်းပြတော့မည်ပြုစဉ် လူတစ်ယောက်သည် နန်းဆောင်တံတိုင်းပေါ်ကို တွယ်ကပ်တက်လာပြီး မြေကြီးပေါ်သို့ ကိုးရိုးကားရားပြုတ်ကျသွားသည်ကို နှစ်ယောက်သားမြင်လိုက်ကြရသည်။

စုန့်ချီမှာ အတန်ကြာသည်အထိ မှင်သေမိနေပြီးနောက် အံ့အားသင့်စွာဆိုလိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီး ရုန်ပိုင်ရဲ့နန်းဆောင်တံတိုင်းကို ကျော်တက်ရဲတဲ့လူ တကယ်ကြီးရှိတယ်?"

တံတိုင်းပေါ်ကျော်လာသည့် ထိုလူက မြေကြီးပေါ်မှ ကုန်းရုန်းထရပ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ကဖုန်များကို ဖုတ်ဖတ်ခါထုတ်လိုက်သည်။ သူခေါင်းပြန်မော့လာသည့်အခါ စုန့်ချီ၏မျက်လုံးများနှင့် ဆုံတွေ့သွားလေသည်။

စုန့်ချီသည် ဤလူကိုချက်ချင်းပင် မှတ်မိသွားရ၏။ ဤလူဟာ စစ်ဟွမ်းတောင်အမဲလိုက်ပွဲအပြီး ရုန်ပိုင်ကိုရန်စခဲ့၍ ရုန်ပိုင်ကသူ၏ယပ်တောင်ကို မီးရှို့ဖျက်ဆီးခဲ့သည့် လူပဲဖြစ်သည်။ ဤလူ၏အမည်ဟာ ထုရှန်းဟုမ်ဟူ၍လည်း စုန့်ချီ ရေးတေးတေးလေးမှတ်မိသည်။

ထုရှန်းဟုမ်မှာ စုန့်ချီကိုမြင်လိုက်ရ၍ လှုပ်ရှားမှုများ တစ်ဝက်တစ်ပျက်ရပ်တန့်သွားသည်။ ထို့နောက် အထိတ်ထိတ်အပျာပျာဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ သို့ပေမည့် အနီးတစ်ဝိုက်တွင် လူသူကင်းရှင်းနေကြောင်းတွေ့လိုက်ရမှ သူ့အမူအရာက မာမာထန်ထန်ဖြစ်သွားသည်။

သူက စုန့်ချီကို လက်ညှိုးထိုးပြလျက်ပြော၏။

" မင်း! ဒီကိုလာခဲ့! "

စုန့်ချီက သူ့အား ဇဝေဇဝါဖြစ်စွာကြည့်လိုက်သည်။

" မင်းငါ့ကိုလာရှာတာလား? "

"ဟုတ်တယ်! မင်း! "

ထုရှန်းဟုမ်၏ အန္တရာယ်ပြုမည့်ဟန် ဇာမဏီမျက်ဝန်းတစ်စုံက သူ့အားစိန်းစိန်းဝါးဝါး ကြည့်လာသည်။ ဤသို့အကြည့်ခံရပါလျှင် သာမန်မိစ္ဆာလေးတစ်ကောင်သာဆိုပါက လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားကြမှာ အသေအချာပင်။ သို့ပေသည့် စုန့်ချီက သာမန်မိစ္ဆာလေးတစ်ကောင်မဟုတ်ပါချေ။

FOX DEMON CULTIVATION MANUALWhere stories live. Discover now