၀၅၆

1.6K 347 26
                                    

ညဉ့်နက်အလယ် ဖြာကျနေသော လရောင်အောက်တွင် မြင့်သွန်းကာ ခံ့ညားထည်ဝါလှသည့် မုခ်တံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာခဲ့လေသည်။ ကနဦးတွင် ၎င်းက မသဲမကွဲသော ဝိုးတိုးဝါးတား အရိပ်လေးမျှသာဖြစ်သည်။ ထို့နောက်မှ တဖြည်းဖြည်း ပို၍ပို၍ ထင်ရှားလာပြီး မြူခိုးများ ဝိုင်းပတ်လျက်ရှိသော မုခ်တံခါးကြီးအဖြစ်သို့ပြောင်းလဲသွားလေသည်။

စုန့်ချီ ခေါင်းကိုပင့်မြှောက်ပြီး ထိုမုခ်တံခါးတိုင်လုံးကြီးကို တအံ့တသြကြည့်လိုက်သည်။ သူ လွှတ်ခနဲ အာမဋိတ်သံပြုလိုက်သည်။

" ကြီးလိုက်တဲ့ တံခါးကြီး "

မိစ္ဆာတံခါးရှင်သည်ကား သူယခင်ကတွေ့ခဲ့ဖူးသည့် မော့ယောင်မုခ်တံခါးဝနှင့်တောင်တူလှသည်။ တိုင်လုံးပေါ်တွင် ထွင်းထုထားသည့် ကနုတ်ပုံများသာ မတူညီခြင်းဖြစ်သည်။ မြို့ထဲက ညစောင့်လူ၏ ညခင်းမောင်းထုသံ ပျံလွှင့်လာချိန်တွင် မြူခိုးထုကြီးကြားမှ လူရိပ်လေးတစ်ခု ပေါ်လာခဲ့၏။

" မိစ္ဆာတံခါးရှင် ပွင့်ပြီ...."

ချင်ယွိ၏ စိတ်လှုပ်ရှား တက်ကြွနေသံက သူတို့နံဘေးမှ ထွက်လာလေ၏။

" ဒါက ကျွန်မအတွက် မိစ္ဆာနယ်မြေကို ပထမဆုံး သွားဖူးတာပဲ"

စုန့်ချီ ပြုံးပြလိုက်သည်။ သူတို့နှစ်ဦးဟာ မြို့ကြီးကို ပထမဆုံးရောက်ဖူးမည့် တောကြိုအုံကြားက တောသားလူအများ ကဲ့သို့နှယ် စိတ်လှုပ်ရှား၊ စိုးရိမ်နေကြသည်။ သူတို့နှစ်ယောက်၏ ခံစားချက်များကို ပူးပေါင်းလိုက်တော့ ပို၍ပင် အားမာန်အပြည့်ဖြင့် တက်ကြွလာကြသည်။

ရုန်ပိုင်သည်သာလျှင် ကြီးမားလှသည့် မိစ္ဆာတံခါးရှင်ကြီးကို လေးတွဲ့စွာဖြင့် အကဲခတ်ကြည့်ရှုနေခြင်းဖြစ်သည်။ သူ့အတွက် မိစ္ဆာနယ်မြေထဲကို ဝင်ဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း မိစ္ဆာတံခါးရှင်ကို ဖြတ်ဖူးသည်မှာတော့ ပထမဆုံးအကြိမ်ပင်ဖြစ်လေသည်။

မိစ္ဆာတံခါးရှင်အပြင် လူသားလောကနှင့် မိစ္ဆာလောကတို့ဆက်သွယ်ထားသည့် အခြားသောနေရာများလည်း မြောက်မြားစွာရှိသေးသည်။ ထိုနေရာများက သေမျိုးတွေအတွက်သာမက မသေမျိုးတွေအတွက်ပါ အန္တရာယ်များလှသည်မို့ လူသားအနည်းငယ်လောက်သာ ထိုအကြောင်းကို သိကြလေသည်။

FOX DEMON CULTIVATION MANUALWhere stories live. Discover now