Part 1

3.6K 114 2
                                    

(Unicode)

ရုံးပိတ်ရက်‌ ကျောင်းပိတ်ရက် ဖြစ်သည်နှင့်အညီ Shopping Mallအတွင်း၌ လူတွေမှာ စည်ကားသိုက်မြိုက်စွာ သွားလာနေကြသည်။ အထပ်တိုင်းလိုလိုမှာ အရွယ်မျိုးစုံ၊ လူတန်းစားမျိုးစုံက ဈေးဝယ်ထွက်ရင်း လျှောက်သွားနေကြသည်ကိုတွေ့နိုင်သည်။ မိသားစုလိုက် ဈေးဝယ်ထွက်လာကြသည့် သူတွေဆိုရင် မိမိတို့တွေရဲ့ ကလေးတွေပူဆာသမျှကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မညည်းမညူလိုက်လံဝယ်ယူပေးသည့် သူများရှိသလို မလိုအပ်ဘဲ မဝယ်ယူစေရန် ကလေးတွေအား ဆူပူနေသည့် မိဘတွေလည်းရှိ၏။

ထို့အပြင် နှစ်ကိုယ်တူ လက်ချင်းချိတ်ကာ ရုပ်ရှင်မပြခင်လေး window shopping ထွက်နေကြသော စုံတွဲများက ဟိုတစ်စဒီတစ်စ ပြန့်နှံ့နေပြန်သေးသည်။ မိမိချစ်သူကောင်မလေးရဲ့ ဈေးဝယ်ထွက်ချိန်ကို ခြေညောင်းအောင် တကောက်ကောက်လိုက်ကာ စိတ်မရှည်သော်ငြား ဘာမှမဖြစ်သည့်ပုံဖြင့် အထုပ်ဆွဲပေးနေကြသည့် ကောင်လေးတွေမှာလည်း ဒုနဲ့ဒေး။

သူငယ်ချင်းအုပ်စုတွေကလည်း စက်လှေကားစီးနေချိန်တွင်တောင် တစ်ယောက်နှင့်တစ်ယောက် စနောက်ပြီး ဂယက်ဖြစ်နေသလို super marketထဲဝယ် အိမ်အတွက်လိုအပ်သည့် ဟင်းချက်စရာ အပါအဝင် ပစ္စည်းပစ္စယတွေ ပတ်ဝယ်နေသော အထက်တန်းလွှာအိမ်ရှင်မတွေကို ပိုက်ဆံအိတ်ကြီးတွေ လက်တွင်ချိတ်လျက်သားနှင့် မြင်ရသည်။ ဤသည်ကား shopping mall တွေကိုသွားလျှင် မြင်တွေ့ရသည့် ပုံမှန်လူများ၏ ပုံမှန်လှုပ်ရှားသွားလာနေသော မြင်ကွင်းများပင်။

ထိုအထဲတွင်တော့ လူတစ်ဦးမှာ ပုံမှန်မဟုတ်စွာ ကွဲပြားနေသည်။ သူ၏ ခန့်ညားသော ရုပ်ရည်အသွင်အပြင်နှင့် မလိုက်ဖက်ဘဲ ခေါင်းမီးတောက်စွာ လျှောက်လှမ်းနေပြီး လက်ထဲတွင်လည်း ဖုန်းကိုမြဲမြံစွာ ကိုင်ထားကာ အခေါ်မပျက်သည့်နည်းတူ အမြင်အာရုံကို စူးရှစွာထား၍ မြင်ကွင်းထဲ ဝင်လာသမျှ ဝေ့ဝဲကြည့်ပြီး ဗရုတ်သုတ်ခဆန်နေတော့သည်။

ထိုသူမှာ မိမိအား စိတ်ဆိုးပြီးထွက်သွားသော သူ၏အသည်းညှာဟု တင်စားရမည့် အသက်(၁၂)နှစ်ငယ်သော ချစ်သူအာကာလင်းသန့်အား ရှာဖွေနေသည့် ပိုင်မြင့်မြတ်ကျော်ဖြစ်သည်။ စိတ်ဆိုးလွယ်သည့် ချစ်ရသူကိုမှ ပြဿနာနှင့် ဆိုက်ဆိုက်မြိုက်မြိုက်တွေ့အောင် မီးမြှိုက်လိုက်သည့် သူ့ကိုယ်သူ တိုင်နှင့် ခေါင်း‌သာပြေးဆောင့်ပစ်နေချင်ပြီး အပြစ်ပေးချင်မိတော့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကြောင့် သူ့ချစ်ရသူက ပျော်ရွှင်ရမည့်အစား စိတ်ထိခိုက်သွားပြီ မဟုတ်ပေလား။ ဖြစ်နိုင်ရင် ပြဿနာ မဖြစ်ခင်က အချိန်ကိုသာ ပြန်ရစ်ပြီး ဆင်ခြင်လိုက်ချင်သည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now