Part 5

893 49 1
                                    

(Unicode)

တနင်္ဂနွေနေ့ဖြစ်တာကြောင့် ပိုင်မြင့်မြတ်ကျော်မှာ မနက်၉နာရီအတိမှသာ အိပ်ယာထဖြစ်သည်။ သူအလုပ်လုပ်သည့် ကုမ္ပဏီက တစ်ပတ်လုံးတွင် တနင်္ဂနွေနေ့တစ်ရက်သာလျှင် ပိတ်သည့်အတွက် တနင်္ဂနွေနေ့သည် ပိုင်မြင့်မြတ်ကျော်အဖို့ တစ်ပတ်လုံး ပင်ပန်းထားသမျှ အတိုးချပြီး အိပ်သည့်ရက်ဖြစ်သည်။ ထို့အပြင် အာကာလင်းသန့်ကို စိတ်လွတ်ကိုယ်လွတ် အချိန်ပေးဖြစ်သည့်နေ့ ဆိုလျှင်လည်းမမှားပေ။

ယနေ့တွင် ပိုင်မြင့်မြတ်ကျော်တို့အိမ်၌ မိသားစု အစုံအလင် ရှိနေလိမ့်မည်။ မိသားစု ဆိုပေမယ့် များများစားစားတော့ ရှိလှသည်မဟုတ်ပါ။ ပိုင်မြင့်မြတ်ကျော်ရဲ့အစ်မ မြိုင်သစ္စာတို့လင်မယားနှင့် သူတို့ရဲ့သမီးနှစ်ယောက်ရယ်၊ ပိုင်မြင့်မြတ်ကျော်ရယ်သာ နေထိုင်သည်။ ပိုင်မြင့်မြတ်ကျော်၏ မိဘတွေကတော့ ငယ်စဉ်ကတည်းက ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြပြီဖြစ်၍ ပိုင်မြင့်မြတ်ကျော်တွင် သွေးသားရင်းချာဆိုလို့ မြိုင်သစ္စာတစ်ယောက်သာ ရှိသည်။

ပိုင်မြင့်မြတ်ကျော်တို့အိမ်သည် နှစ်ထပ်တိုက် အမျိုးအစားဖြစ်ပြီး သာမန်ရပ်ကွက်လေးထဲတွင် ဖြစ်သည်။ မိဘတွေနဲ့အတူ နေလာခဲ့သည့်အိမ်ဆိုတော့ မောင်နှမနှစ်ယောက်လုံး ဤအိမ်လေးက မခွာဖြစ်ကြပါ။ မြိုင်သစ္စာကလည်း သူအိမ်ထောင်ကျသွားပေမယ့် မောင်ဖြစ်သူ တစ်ယောက်တည်း ကျန်ခဲ့မှာ မလိုလား၍ ဤအိမ်တွင်ပဲ မခွဲမခွာနေသည်။

ပိုင်မြင့်မြတ်ကျော် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ပြီးနောက် မနက်စာစားရန် ထမင်းစားခန်းထဲသို့ ဝင်သွားချိန်တွင် မြိုင်သစ္စာတို့မိသားစုက စားပြီးသောက်ပြီးတောင် ဖြစ်နေကြသည်။

"မောင်ပိုင် နိုးလာပြီလား"

"ဟုတ် မမြိုင်၊ ဒါနဲ့ ဘယ်သွားကြမလို့လဲ၊ အကုန်လုံး သစ်လွင်နေလို့ပါလား"

"မင်းတူမတွေ တိရစ္ဆာန်ရုံ သွားချင်တယ်ဆိုတာနဲ့ လိုက်ပို့မလို့ကွာ"

မြိုင်သစ္စာ၏ခင်ပွန်း ရဲဇော်မှ ပိုင်မြင့်မြတ်ကျော်အား အကျိုးအကြောင်း ပြောပြသည်။

နွေးထွေးမှုတို့လွှမ်းခြုံကာ( Completed) နွေးထွေးမှုတို့ လွှမ်းခြုံကာ(Completed)Where stories live. Discover now